1 Thessalonians (Myanmar)

1 Thessalonians (Myanmar)

1

1:1b.1TH.001.001 ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။

1:2b.1TH.001.002 ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊

1:3b.1TH.001.003 ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊

1:4b.1TH.001.004 ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ၏။

1:5b.1TH.001.005 ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သော သူဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံသော တရားဖြစ်၏။

1:6b.1TH.001.006 သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သော သူဖြစ်ကြ၏။

1:7b.1TH.001.007 သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အာခါယပြည်၌ ယုံကြည်သော သူအပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ၏။

1:8b.1TH.001.008 အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေ ဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။

1:9b.1TH.001.009 ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြား ပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငှါ၎င်း၊

1:10b.1TH.001.010 ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရား သခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့်ခြင်း ငှါ၎င်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။

2

2:1b.1TH.002.001 ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ၏။

2:2b.1TH.002.002 သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ဖိလိပ္ပိမြို့၌ ဆင်းရဲခြင်းနှင့် ညှဉ်းဆဲခြင်းကို ခံပြီးမှ၊ ဘုရား သခင်ကို အမှီပြု၍ ကြီးစွာသော တိုက်လှန်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာ ဟောပြောကြ၏။

2:3b.1TH.002.003 ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ်။

2:4b.1TH.002.004 ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင်လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။

2:5b.1TH.002.005 အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။

2:6b.1TH.002.006 ထိုမှတပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊

2:7b.1TH.002.007 သင်တို့တွင် ဖြည်းညှင်းစွာပြုကြ၏။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေး ပြုစုသကဲ့သို့၊

2:8b.1TH.002.008 ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ၏။

2:9b.1TH.002.009 ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ငါတို့သည် နေ့ညဉ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။

2:10b.1TH.002.010 မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက် အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊

2:11b.1TH.002.011 အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြသည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ၏။

2:12b.1TH.002.012 ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။

2:13b.1TH.002.013 ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်း သို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် အစဉ်မပြတ်ချီးမွမ်းကြ၏။

2:14b.1TH.002.014 အဘယ်သို့နည်းဟူမူကား၊ ယုဒပြည်၌ ယေရှုခရစ်၏ဘာသာကို ခံယူသော ဘုရားသခင်၏ သင်းဝင်သူ တို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့၊ ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူခံရသောအားဖြင့်၊ ယုဒပြည်၌ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ၏။

2:15b.1TH.002.015 ယုဒလူတို့သည် သခင်ယေရှုမှစ၍ ပရောဖက်များကို အသေသတ်ကြပြီ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ။ ဘုရားသခင်၏ အလိုတော် သို့မလိုက်၊ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ၏။

2:16b.1TH.002.016 တပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှါ ငါတို့သည် ဟောပြောကြသည်ကို သူတို့ သည် ဆီးတား၍၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ၏။ သူတို့အပေါ်၌ အမျက်တော်သည် အကုန်အစင် ရောက်ရ၏။

2:17b.1TH.002.017 ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့် မဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိ သော်၊ သင်တို့မျက်နှာကို မြင်ခြင်းငှါ၊ အလွန်လွမ်းသော စိတ်နှင့် သာ၍ ကြိုးစားအားထုတ်ကြ၏။

2:18b.1TH.002.018 ထိုကြောင့်၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှါ၊ နှစ်ကြိမ်မြောက်အောင် အလိုရှိသော်လည်း၊ စာတန်သည် ဆီးတားလေ၏။

2:19b.1TH.002.019 ငါတို့မြော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော။

2:20b.1TH.002.020 သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်ကြသတည်း။

3

3:1b.1TH.003.001 ထိုကြောင့် ငါသည် တဖန်မအောင့်နိုင်သောအခါ၊ အာသင်မြို့၌ တယောက်တည်းကျန်ရစ်၍ နေခြင်းငှါ အလိုရှိ၏။

3:2b.1TH.003.002 ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏ အမှုတော်ကို လုပ်ဘော်ဆောင်ဘက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက်၏။

3:3b.1TH.003.003 ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း၊ သင်တို့ကိုမြဲမြံစေ၍၊ ယုံကြည်ခြင်းအရာ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေခြင်းငှါ သူ့ကို ငါလွှတ်လိုက်၏။

3:4b.1TH.003.004 ထိုဆင်းရဲခြင်းကို ခံစေမည်အကြောင်း ၊ ငါတို့ကို ခန့်ထားတော်မူသည်ဟု သင်တို့ကိုယ်တိုင် သိကြ၏။ အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင်တို့နှင့် အတူရှိစဉ်အခါ ငါတို့ပြောနှင့် ကြပြီ။ ထိုသို့ပြောသည်အတိုင်း ဖြစ်သည်ကို သင်တို့လည်း သိကြ၏။

3:5b.1TH.003.005 စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှါ ငါစေလွှတ်၏။

3:6b.1TH.003.006 ယခုမူကား၊ တိမောသေသည် သင်တို့ထံက ပြန်လာ၍၊ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည် သည်ဟူ၍၎င်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကို လွမ်း၍၊ အစဉ်မပြတ် ကောင်းမွန် စွာ အောက်မေ့ကြသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသည်ရှိသော်၊

3:7b.1TH.003.007 ညီအစ်ကိုတို့၊ ငါတို့သည် အရာရာ၌ဆင်းရဲ၍ ခက်ခဲစွာခံရသည်တွင်၊ သင်တို့၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ ရောက်ကြ၏။

3:8b.1TH.003.008 ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။

3:9b.1TH.003.009 ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။

3:10b.1TH.003.010 သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညဉ့်မပြတ် အလွန်တရာ ဆုတောင်းပဋ္ဌာနာပြု၍ နေကြ၏။

3:11b.1TH.003.011 သင်တို့ရှိရာသို့ ငါတို့သွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ် သည် ပြင်ဆင်တော်မူပါစေသော။

3:12b.1TH.003.012 ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ။ ငါတို့အဘတည်း ဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြဲခိုင်ခံ့စိမ့်သောငှါ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို၎င်း ၊ သူတပါးအပေါင်းတို့ကို၎င်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။

4

4:1b.1TH.004.001 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွါး၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကိုအမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။

4:2b.1TH.004.002 အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု၏အခွင့်တော်နှင့် ငါတို့သည်အပ်ပေးသည်ကို သင်တို့သိကြ ၏။

4:3b.1TH.004.003 ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေ ခြင်းငှါ၎င်း၊

4:4b.1TH.004.004 ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့မရှိ၊

4:5b.1TH.004.005 သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတက်စေခြင်း ငှါ၎င်း၊

4:6b.1TH.004.006 ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှါ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကိုခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။

4:7b.1TH.004.007 ဘုရားသခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ၏။

4:8b.1TH.004.008 ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်း သောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။

4:9b.1TH.004.009 ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ်ကြ၏။

4:10b.1TH.004.010 ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော် လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွါး၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့် ၊

4:11b.1TH.004.011 ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊

4:12b.1TH.004.012 ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ၏။

4:13b.1TH.004.013 ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ၊

4:14b.1TH.004.014 ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။

4:15b.1TH.004.015 သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသော အခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာ ကျရကြ မည်မဟုတ်။

4:16b.1TH.004.016 သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။

4:17b.1TH.004.017 ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။

4:18b.1TH.004.018 သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။

5

5:1b.1TH.005.001 ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ ပေးလိုက်စရာအကြောင်းမရှိ။

5:2b.1TH.005.002 အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။

5:3b.1TH.005.003 ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။

5:4b.1TH.005.004 သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။

5:5b.1TH.005.005 သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်။

5:6b.1TH.005.006 သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။

5:7b.1TH.005.007 အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။

5:8b.1TH.005.008 နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။

5:9b.1TH.005.009 အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။

5:10b.1TH.005.010 ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။

5:11b.1TH.005.011 ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။

5:12b.1TH.005.012 ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊

5:13b.1TH.005.013 သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။

5:14b.1TH.005.014 တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။

5:15b.1TH.005.015 သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌ ၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။

5:16b.1TH.005.016 အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။

5:17b.1TH.005.017 မခြားမလပ်ဆုတောင်းပဌာနပြုကြလော့။

5:18b.1TH.005.018 အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။

5:19b.1TH.005.019 ဝိညာဉ်တော်၏အရှိန်ကို အငြိမ်းစေကြနှင့် ။

5:20b.1TH.005.020 ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။

5:21b.1TH.005.021 ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။

5:22b.1TH.005.022 မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။

5:23b.1TH.005.023 ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။

5:24b.1TH.005.024 သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။

5:25b.1TH.005.025 ညီအစ်ကိုတို့၊ ငါတို့အဘို့ဆုတောင်းကြလော့။

5:26b.1TH.005.026 ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။

5:27b.1TH.005.027 ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဘတ်စေခြင်းငှာ၊ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို အဓိဋ္ဌာန်သစ္စာပေး၏။

5:28b.1TH.005.028 ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။


Holder of rights
Multilingual Bible Corpus

Citation Suggestion for this Object
TextGrid Repository (2025). Myanmar Collection. 1 Thessalonians (Myanmar). 1 Thessalonians (Myanmar). Multilingual Parallel Bible Corpus. Multilingual Bible Corpus. https://hdl.handle.net/21.11113/0000-0016-AB9B-9