Ephesians (Myanmar)

Ephesians (Myanmar)

1

1:1b.EPH.001.001 ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌ နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။

1:2b.EPH.001.002 သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ ရှိပါစေသော။

1:3b.EPH.001.003 ငါတို့သည်ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း၊

1:4b.EPH.001.004 ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

1:5b.EPH.001.005 ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကိုချီးမွမ်းစေခြင်းငှါ၊

1:6b.EPH.001.006 ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။

1:7b.EPH.001.007 ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊

1:8b.EPH.001.008 ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။

1:9b.EPH.001.009 ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသော အရာကို ငါတို့အား ပြတော်မူ၏။

1:10b.EPH.001.010 ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။

1:11b.EPH.001.011 မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။

1:12b.EPH.001.012 အကြောင်းမူကား၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်း အကြောင်းဖြစ်သတည်း။

1:13b.EPH.001.013 သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။

1:14b.EPH.001.014 ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန်ဖြစ်တော်မူ၏။

1:15b.EPH.001.015 ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင်၊

1:16b.EPH.001.016 သင်တို့ကိုအကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။

1:17b.EPH.001.017 ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီး သော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်း အလိုငှါ ပညာကို၎င်း၊ ထိုးထွင်းသောဥာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည်အကြောင်း၊

1:18b.EPH.001.018 ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့ သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊

1:19b.EPH.001.019 ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။

1:20b.EPH.001.020 ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။

1:21b.EPH.001.021 ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ် ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊

1:22b.EPH.001.022 ခြေဘဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်ဘို့အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။

1:23b.EPH.001.023 ထိုအသင်တော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။

2

2:1b.EPH.002.001 သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊

2:2b.EPH.002.002 ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။

2:3b.EPH.002.003 ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ၏အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။

2:4b.EPH.002.004 သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊

2:5b.EPH.002.005 ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။

2:6b.EPH.002.006 ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။

2:7b.EPH.002.007 အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။

2:8b.EPH.002.008 ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။

2:9b.EPH.002.009 ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

2:10b.EPH.002.010 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

2:11b.EPH.002.011 ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကို၎င်း၊

2:12b.EPH.002.012 ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။

2:13b.EPH.002.013 သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။

2:14b.EPH.002.014 အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။

2:15b.EPH.002.015 ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ် ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုး နှစ်စုတို့ကို တစုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊

2:16b.EPH.002.016 ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လူသစ်တဦး တကိုယ်တည်းဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝ တည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။

2:17b.EPH.002.017 ထိုခရစ်တော်သည်လည်းကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသောငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။

2:18b.EPH.002.018 ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ။

2:19b.EPH.002.019 ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။

2:20b.EPH.002.020 အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။

2:21b.EPH.002.021 ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။

2:22b.EPH.002.022 ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။

3

3:1b.EPH.003.001 ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။

3:2b.EPH.003.002 သင်တို့အကျိုးကို ထောက်၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သာသနာကို သင်တို့ကြားသိရသည်နှင့်အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။

3:3b.EPH.003.003 ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိဏ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။

3:4b.EPH.003.004 ထိုစကားကိုဘတ်ရွတ်လျှင်၊ ခရစ်တော်၏ နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရ ကြမည်။

3:5b.EPH.003.005 ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။

3:6b.EPH.003.006 ထိုနက်နဲသောအရာဟူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တလုံးတဝတကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း။

3:7b.EPH.003.007 တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ။

3:8b.EPH.003.008 စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊

3:9b.EPH.003.009 သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။

3:10b.EPH.003.010 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊

3:11b.EPH.003.011 ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း။

3:12b.EPH.003.012 ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ။

3:13b.EPH.003.013 ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့်။

3:14b.EPH.003.014 အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊

3:15b.EPH.003.015 ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။

3:16b.EPH.003.016 ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ၍၊

3:17b.EPH.003.017 ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊

3:18b.EPH.003.018 သင်တို့သည်သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊

3:19b.EPH.003.019 ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။

3:20b.EPH.003.020 ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊

3:21b.EPH.003.021 ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

4

4:1b.EPH.004.001 ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။

4:2b.EPH.004.002 အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊

4:3b.EPH.004.003 အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။

4:4b.EPH.004.004 သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ၊ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ်တည်းရှိ၏။

4:5b.EPH.004.005 သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊

4:6b.EPH.004.006 ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။

4:7b.EPH.004.007 သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည်ကျေးဇူးတော်ကို အသီးသီး ကိုယ်စီခံရကြပြီ။

4:8b.EPH.004.008 ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း။

4:9b.EPH.004.009 တက်ကြွတော်မူသည်ဟုဆိုသော်၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။

4:10b.EPH.004.010 ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင်တို့၏အထွဋ်ကို လွန်၍ တက်ကြွတော်မူသော သူဖြစ်သတည်း။

4:11b.EPH.004.011 ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊

4:12b.EPH.004.012 သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။

4:13b.EPH.004.013 ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။

4:14b.EPH.004.014 အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက်၊

4:15b.EPH.004.015 မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။

4:16b.EPH.004.016 ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက် ခြင်းငှါ ကြီးပွားစေတတ်၏။

4:17b.EPH.004.017 ထိုကြောင့် ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။

4:18b.EPH.004.018 ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။

4:19b.EPH.004.019 ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။

4:20b.EPH.004.020 ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊

4:21b.EPH.004.021 အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊

4:22b.EPH.004.022 စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊

4:23b.EPH.004.023 သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊

4:24b.EPH.004.024 ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။

4:25b.EPH.004.025 ထိုကြောင့်မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။

4:26b.EPH.004.026 အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။

4:27b.EPH.004.027 အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

4:28b.EPH.004.028 ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။

4:29b.EPH.004.029 ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။

4:30b.EPH.004.030 ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။

4:31b.EPH.004.031 ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။

4:32b.EPH.004.032 အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။

5

5:1b.EPH.005.001 ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူကျင့်ကြလော့။

5:2b.EPH.005.002 ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေ ခြင်းငှါ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။

5:3b.EPH.005.003 မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။

5:4b.EPH.005.004 မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ယယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။

5:5b.EPH.005.005 မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုင်ကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။

5:6b.EPH.005.006 လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။

5:7b.EPH.005.007 ထိုကြောင့်သူတို့နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။

5:8b.EPH.005.008 အထက်ကာလ၌သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။

5:9b.EPH.005.009 အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ် သတည်း။

5:10b.EPH.005.010 သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။

5:11b.EPH.005.011 အကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။

5:12b.EPH.005.012 အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသောအမှုအရာတို့ကို စကားပြောကာမျှ၌ ညစ်ညူးခြင်း ပါသေး၏။

5:13b.EPH.005.013 အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ်၏။

5:14b.EPH.005.014 ထိုကြောင့် အိပ်ပျော်သူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။

5:15b.EPH.005.015 ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။

5:16b.EPH.005.016 ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။

5:17b.EPH.005.017 ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော့။

5:18b.EPH.005.018 လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။

5:19b.EPH.005.019 ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။

5:20b.EPH.005.020 ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။

5:21b.EPH.005.021 ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။

5:22b.EPH.005.022 အချင်းမိန်မတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။

5:23b.EPH.005.023 အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျား သည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။

5:24b.EPH.005.024 အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။

5:25b.EPH.005.025 အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။

5:26b.EPH.005.026 ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊

5:27b.EPH.005.027 အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။

5:28b.EPH.005.028 ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။

5:29b.EPH.005.029 ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။

5:30b.EPH.005.030 အကယ်စင်စစ်ငါတို့သည် သခင်ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။

5:31b.EPH.005.031 ထိုအကြောင်းအကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။

5:32b.EPH.005.032 ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော် ကိုရည်မှတ်၍ဆိုသတည်း။

5:33b.EPH.005.033 သို့ရာတွင်သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။

6

6:1b.EPH.006.001 သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။

6:2b.EPH.006.002 မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။

6:4b.EPH.006.004 အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။

6:5b.EPH.006.005 အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွ မရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။

6:6b.EPH.006.006 လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကို စောင့်၍၊

6:7b.EPH.006.007 လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။

6:8b.EPH.006.008 ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟု သိမှတ်ကြလော့။

6:9b.EPH.006.009 သခင်တို့၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ရှိသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည်ကို၎င်း၊ သိမှတ်ကြလော့။

6:10b.EPH.006.010 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။

6:11b.EPH.006.011 မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။

6:12b.EPH.006.012 အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။

6:13b.EPH.006.013 ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံကိုယူဆောင်ကြလော့။

6:14b.EPH.006.014 သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊

6:15b.EPH.006.015 ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။

6:16b.EPH.006.016 မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။

6:17b.EPH.006.017 ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။

6:18b.EPH.006.018 ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့။

6:19b.EPH.006.019 ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊

6:20b.EPH.006.020 သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဘော်ပြခြင်းငှါ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်း အခွင့်ရှိမည်အကြောင်းကို၎င်း၊ ထိုတရားကိုဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းအကို၎င်း၊ ငါ့အဘို့လည်း ဆုတောင်းကြလော့။

6:21b.EPH.006.021 သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြလိမ့်မည်။

6:22b.EPH.006.022 သင်တို့သည်ငါတို့၏အကြောင်းအရာများကို သိမည်အကြောင်းနှင့်၊ ထိုသူသည်သင်တို့စိတ်နှလုံးကို သက်သာစေမည်အကြောင်း၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်၏။

6:23b.EPH.006.023 ညီအစ်ကိုတို့၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော် မူသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာရှိပါစေသော။

6:24b.EPH.006.024 ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သော သူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။


Holder of rights
Multilingual Bible Corpus

Citation Suggestion for this Object
TextGrid Repository (2025). Myanmar Collection. Ephesians (Myanmar). Ephesians (Myanmar). Multilingual Parallel Bible Corpus. Multilingual Bible Corpus. https://hdl.handle.net/21.11113/0000-0016-AB92-2