Esther (Myanmar)

Esther (Myanmar)

1

1:1b.EST.001.001 အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည်၊

1:2b.EST.001.002 ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင်၊

1:3b.EST.001.003 ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဘို့ ပွဲလုပ်တော်မူ၏။

1:4b.EST.001.004 ထိုအခါနိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။

1:5b.EST.001.005 ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ၏။

1:6b.EST.001.006 ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလား အဖြူ အစိမ်းအပြာတို့နှင့်၎င်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေ အနေအထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။

1:7b.EST.001.007 ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ ၏။

1:8b.EST.001.008 စပျစ်ရည် သောက်ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလို အလျောက်ပြုကြမည် အကြောင်း၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏။

1:9b.EST.001.009 မိဖုရားဝါရှတိသည်လည်း၊ ရှင်ဘုရင် အာရွှေရု နန်းတော်သား မိန်းမတို့အဘို့ ပွဲလုပ်လေ၏။

1:10b.EST.001.010 မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊

1:11b.EST.001.011 ခုနစ်ရက်မြောက်သော နေ့၌ ရှင်ဘုရင်သည် စပျစ်ရည် သောက်၍ ရွှင်လန်းသော စိတ်ရှိသောအခါ၊ ဖိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ် တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက် တို့ကို မိန့်တော်မူ၏။

1:12b.EST.001.012 သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို၊ မိဖုရားသည် ငြင်းဆန်၍ မလာဘဲနေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍၊ ဒေါသမီးလောင်လျက် နေတော်မူ၏။

1:13b.EST.001.013 ထိုအခါကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှိရှ၊

1:14b.EST.001.014 မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍၊ နိုင်ငံတော် တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော်၌ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက်သောသူအပေါင်းတို့နှင့် ရှင်ဘုရင် တိုင်ပင်သော ထုံးစံရှိသည်အတိုင်း၊ အကျိုးအကြောင်းကို နားလည်သောထိုပညာရှိတို့ကိုခေါ်၍၊

1:15b.EST.001.015 မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့်တော်ကို၊ မိဖုရားဝါရှတိသည် နားမထောင်သော ကြောင့်၊ ဓမ္မသတ်အတိုင်းသူ၌ အဘယ်သို့ စီရင်ရမည် နည်းဟု မေးတော်မူလျှင်၊

1:16b.EST.001.016 မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ။

1:17b.EST.001.017 ရှင်ဘုရင် အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ်၍၊ မိဖုရားမလာဟု အနှံ့အပြားပြောကြသဖြင့်၊ မိဖုရားပြုသော ဤအမှုကိုခပ်သိမ်းသော မိန်းမတို့သည် ကြား၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင်ပြုကြပါလိမ့်မည်။

1:18b.EST.001.018 မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်းရှိပါ လိမ့်မည်။

1:19b.EST.001.019 ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေ နှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေ တော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။

1:20b.EST.001.020 သို့ပြုလျှင် ရှင်ဘုရင် ပေးတော်မူသော အမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တရှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင် နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။

1:21b.EST.001.021 ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင် ပြုလျက်၊

1:22b.EST.001.022 လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက် တော်မူ၏။

2

2:1b.EST.002.001 တဖန်ရှင်ဘုရင် အာရွှေရုသည် စိတ်တော်ပြေ သောအခါ၊ ဝါရှိတိကို၎င်း၊ သူပြုသောအမှုနှင့် သူ့တဘက် ၌စီရင်သော အမှုကို၎င်း အောက်မေ့တော်မူ၏။

2:2b.EST.002.002 အထံတော်၌ ခစားသော ကျွန်တော်တို့ကလည်း၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဘို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ။

2:3b.EST.002.003 အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှါ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။

2:4b.EST.002.004 နှစ်သက်တော်မူသော သမီးကညာကို မိဖုရား ဝါရှတိအရာ၌ ခန့်ထားတော်မူပါဟု လျှောက်သော စကားကို ရှင်ဘုရင်နှစ်သက်၍ ထိုသို့ စီရင်တော်မူ၏။

2:5b.EST.002.005 ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည် ရှိသော ယုဒလူတယောက်ရှိ၏။

2:6b.EST.002.006 ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ၍၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရသောလူစု၌ ပါသတည်း။

2:7b.EST.002.007 ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘ သေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။

2:8b.EST.002.008 ရှင်ဘုရင် အမိန့်တော်ကိုထုတ်၍ ကျော်သော အခါ၊ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ၍၊ မိန်းမစိုး ဟေဂဲ၌အပ်ရာတွင်၊ ဧသတာကိုလည်း နန်း တော်သို့ ခေါ်ဆောင်၍ ဟေဂဲ၌ အပ်ကြ၏။

2:9b.EST.002.009 ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့၍ မျက်နှာ ရသဖြင့်၊ ဟေဂဲသည် စင်ကြယ်စေသော ဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး၏။ နန်းတော်၌ ရွေးကောက်သော ကျွန်မခုနစ်ယောက် တို့ကိုလည်းပေး၍၊ ဧသတာနှင့် သူ၏ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ၌ ချီးမြှောက် လေ၏။

2:10b.EST.002.010 ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာ တကာကို မဘော်မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မဘော်မပြဘဲ နေ၏။

2:11b.EST.002.011 ဧသတာသည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ၌ အဘယ်သို့ ပြုကြလိမ့်မည်ကို၎င်း၊ မော်ဒကဲသည် သိခြင်း ငှါ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ၏။

2:12b.EST.002.012 ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တနှစ်စေ့သော အခါ တယောက်နောက်တယောက် အလှည့်သင့်သည် အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လ ပတ်လုံးမုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိ သော စင်ကြယ်စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု သည် ပြီးသည်တိုင်အောင် ထိုမျှကာလကိုလွန်စေရ၏။

2:13b.EST.002.013 ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ၏။

2:14b.EST.002.014 ညဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော် မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယ မိန်းမနန်းသို့ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တဖန် အထံတော်သို့မဝင်ရ။

2:15b.EST.002.015 မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ၏။

2:16b.EST.002.016 ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံ ခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင်၊

2:17b.EST.002.017 အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သော ကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍မိဖုရား ဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။

2:18b.EST.002.018 ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီး သောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဘို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့် လျော်စွာ ဆုချတော်မူ၏။

2:19b.EST.002.019 သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေး သောအခါ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူးဖြစ်၏။

2:20b.EST.002.020 ဧသတာသည် မော်ဒကဲထံမွေးမြူခြင်းကို ခံ၍ နေစဉ်အခါ၊ သူ၏စကားကို နားထောင်သည်နည်းတူ နား ထောင်သေးသည်ဖြစ်၍၊ မော်ဒကဲသတိပေးသည်အတိုင်း၊ မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဘော်မပြဘဲနေ သတည်း။

2:21b.EST.002.021 ထိုကာလတွင်၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ၏။

2:22b.EST.002.022 ထိုအမှုကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ဘော်ပြ၏။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ၏။

2:23b.EST.002.023 ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။

3

3:1b.EST.003.001 ထိုနောက်မှ ရှင်ဘုရင်သည် အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက်၍၊ အထံတော်၌ရှိသော မှူးမတ်အပေါင်းတို့ထက် သာ၍ မြင့်မြတ်သော နေရာကို ပေးတော်မူ၏။

3:2b.EST.003.002 နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချရှိခိုးကြ၏။ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။

3:3b.EST.003.003 နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ ကျွန်တို့က၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ် ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း၊

3:4b.EST.003.004 မော်ဒကဲက၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန် ပြော၍၊ သူတို့ စကားကို နားမထောင်သောကြောင့်၊ သူတို့ သည် မော်ဒကဲစကား တည်မည် မတည်မည်ကို သိလို သောငှါ၊ ဟာမန်အား ကြားပြောကြ၏။

3:5b.EST.003.005 ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေ ကြောင်းကို ဟာမန် သိမြင်သောအခါ၊ အလွန်အမျက် ထွက်၍၊

3:6b.EST.003.006 သူတို့သည် မော်ဒကဲအမျိုးကို ဘော်ပြသော ကြောင့်၊ မော်ဒကဲတယောက်တည်းကို ကွပ်မျက်လျှင်၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲအမျိုးသားချင်းတည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ရှာကြံလေ၏။

3:7b.EST.003.007 ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ်၊ နိသန် အမည်ရှိသော ပဌမလတွင်၊ နေ့ရက်အစဉ်၊ လအစဉ် အတိုင်းလိုက်၍၊ အာဒါအမည် ရှိသော ဒွါဒသမလ တိုင်အောင်၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ၏။

3:8b.EST.003.008 တဖန်ဟာမန်သည် ရှင်ဘုရင် အာရွှေရုထံတော် သို့ဝင်၍၊ အခြားတပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာ ထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူး တော်မရှိပါ။

3:9b.EST.003.009 ကိုယ်တော် သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ။ ထိုအမှုကို ဆောင်ရွက် သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက် တသိန်းကို သွင်းစေခြင်းငှါ၊ ကျွန်တော်အပ်ပေးပါ မည်ဟု လျှောက်လေ၏။

3:10b.EST.003.010 ရှင်ဘုရင်ကလည်း၊ ထိုငွေကို သင့်အားငါပေး၏။

3:11b.EST.003.011 ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသော အခွင့်ရှိစေခြင်းငှါ၊ သင်၌ငါအပ်သည်ဟု လက်စွပ်တော်ကိုချွတ်၍ ယုဒအမျိုး၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အားပေးတော်မူ ၏။

3:12b.EST.003.012 ထိုအခါ ပဌမလတဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုး ပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။

3:13b.EST.003.013 အာဒါအမည်ရှိသော ဒွါဒသမလတဆယ် သုံးရက် တနေ့ခြင်းတွင်၊ ယုဒလူအကြီးအငယ်မိန်းမ ကလေးရှိရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးစေခြင်းငှါ၊ အမိန့်တော် စာကို စာပို့လုလင်တို့ဖြင့် နိုင်ငံတော်အပြည်ပြည်သို့ ပေးလိုက် လေ၏။

3:14b.EST.003.014 ဤရွေ့ကား၊ လူအမျိုးမျိုးတို့သည် ထိုနေ့ရက်တွင် အသင့်ရှိစေခြင်းငှါ၊ အတိုင်းတိုင်းအပြည်ပြည်၌ ကြော်ငြာရ သော အမိန့်တော် စာချက်ဖြစ်သတည်း။

3:15b.EST.003.015 ရှုရှန်နန်းတော်၌ ထိုအမိန့်တော်စာကို ကြော်ငြာ ပြီးမှ၊ ရှင်ဘုရင် စီရင်သည်အတိုင်း၊ စာပို့လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။ ရှင်ဘုရင်နှင့် ဟာမန် သည် စပျစ်ရည် သောက်ပွဲ၌ထိုင်၍၊ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း။

4

4:1b.EST.004.001 ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကိုဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။

4:2b.EST.004.002 လျှော်တေအဝတ်ကိုဝတ်လျက် နန်းတော်တံခါး ထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့်၊ နန်းတော်တံခါး ရှေ့မှာ ရပ်နေ၏။

4:3b.EST.004.003 ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကိုပြု၍၊ လူများ တို့သည် ပြာနှင့်လျှော်တေအဝတ်၌ အိပ်ကြ၏။

4:4b.EST.004.004 မော်ဒကဲအမှုကို ဧသတာ၏ ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက်၊ မော်ဒကဲဝတ်သော လျှော်တေကို ပယ်၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှါ ပေးလိုက် သော်လည်း၊ မော်ဒကဲသည် မခံမယူဘဲနေ၏။

4:5b.EST.004.005 တဖန် ဧသတာသည် ရှင်ဘုရင် အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ်၍၊ အဘယ်အမှုရှိ သနည်း။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေးစေခြင်းငှါ စေလွှတ်သည်အတိုင်း၊

4:6b.EST.004.006 ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါး ရှေ့၊ မြို့တော်လမ်းသို့သွား၍၊

4:7b.EST.004.007 မော်ဒကဲသည် မိမိ၌ရောက်သော အမှုရှိသမျှကို၎င်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ငွေ မည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ဂတိ ထားကြောင်းကို၎င်း ကြားပြောလျက်၊

4:8b.EST.004.008 ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ရှုရှန်နန်းတော်၌ ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဘို့ ပေး၍၊ ဧသတာသည် မိမိလူမျိုး အဘို့တောင်းလျှောက် ခြင်းငှါ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက် လေ၏။

4:9b.EST.004.009 ဟာတက်သည်လည်းလာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏။

4:10b.EST.004.010 တဖန်ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊

4:11b.EST.004.011 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည် အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော် မျိုးများနှင့် နိုင်ငံတော်ပြည်သူပြည်သားများအပေါင်းတို့ သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊

4:12b.EST.004.012 ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသော အခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ် လျှင်၊

4:13b.EST.004.013 နန်းတော်၌နေသော်လည်း သင့်အသက်လွတ် မည်ဟု မထင်နှင့်။

4:14b.EST.004.014 ယခုကာလသင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်း အကြောင်းတစုံတခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဘို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာအား ပြန်ပြောစေခြင်းငှါ မှာလိုက်၏။

4:15b.EST.004.015 ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။

5

5:1b.EST.005.001 သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မှတဘက်တချက်၊ နန်းတော်အတွင်းတန်တိုင်း ထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါးတဘက် တချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။

5:2b.EST.005.002 မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်း တော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံ တော်အထွဋ်ကို တို့လေ၏။

5:3b.EST.005.003 ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင် သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊

5:4b.EST.005.004 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ကြွတော်မူပါဟု လျှောက်သော်၊

5:5b.EST.005.005 ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှါ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့် တကွ ရှင်ဘုရင်ကြွတော်မူ၏။

5:6b.EST.005.006 တဖန်စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ်ဆိုကို တောင်းချင်သနည်း။ တောင်းသမျှကိုနိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည် ဟု ဧသတာအားမိန့်တော်မူလျှင်၊

5:7b.EST.005.007 ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မ တောင်းချင်သော ဆုဟူမူကား၊

5:8b.EST.005.008 ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့ တော်မူလျှင်၎င်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော် မတောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင်သော ပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက်လေ၏။

5:9b.EST.005.009 ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ၏။

5:10b.EST.005.010 သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊

5:11b.EST.005.011 မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများ ကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊

5:12b.EST.005.012 မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူမဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကို ဘိတ်ပြန်၏။

5:13b.EST.005.013 သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော် တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလ ပတ်လုံး၊ ယခုဘော်ပြသမျှတို့သည် ငါ၌ ကျေးဇူးမရှိဟု ဆို၏။

5:14b.EST.005.014 ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်း ရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချစေ မည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက် မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲ ချတိုင်ကို လုပ်စေ၏။

6

6:1b.EST.006.001 ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဘတ်ရကြ၏။

6:2b.EST.006.002 ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဘော်ပြကြောင်း ကိုတွေ့လျှင်၊

6:3b.EST.006.003 ရှင်ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆုအဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေးတော်မမူပါသေးဟု ပြန် လျှောက်ကြ၏။

6:4b.EST.006.004 ရှင်ဘုရင်ကလည်း၊ တန်တိုင်းတွင်း၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ်၍၊

6:5b.EST.006.005 ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တန်တိုင်း တော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ ဝင်စေ ဟု မိန့်တော်မူ၏။

6:6b.EST.006.006 ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက်၊

6:7b.EST.006.007 ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့၊

6:8b.EST.006.008 ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့၍၊

6:9b.EST.006.009 ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီး သောမှူးတော်မတ်တော်တပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ၊ အလိုတော်ရှိသော သူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီး လျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည် ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန် လျှောက်လေ၏။

6:10b.EST.006.010 ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကို ယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစုံတခုမျှမလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။

6:11b.EST.006.011 ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။

6:12b.EST.006.012 သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင်၊

6:13b.EST.006.013 မိမိ၌ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက် နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ် တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ၏။

6:14b.EST.006.014 ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင် အမြန် ခေါ်သွားကြ၏။

7

7:1b.EST.007.001 တဖန်ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှါ သွားကြ ၏။

7:2b.EST.007.002 ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆု ကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊

7:3b.EST.007.003 မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။

7:4b.EST.007.004 ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်း တို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှါ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှါ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကို ပေးနိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။

7:5b.EST.007.005 ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊

7:6b.EST.007.006 ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သော ဟာမန်ဖြစ်ပါ၏ဟု လျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်း သို့ ရောက်လေ၏။

7:7b.EST.007.007 ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှထ၍ ဥယျာဉ်တော်သို့ သွားတော် မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့ မှာ တောင်းပန်ခြင်းငှါထ၏။

7:8b.EST.007.008 ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာအရပ် သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင် သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက်နေ သည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏ မျက်နှာကိုဖုံးကြ၏။

7:9b.EST.007.009 မိန်းမစိုးဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။

7:10b.EST.007.010 ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ၏။

8

8:1b.EST.008.001 ထိုနေ့ခြင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒ အမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါင်ဘော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ဝင်ရ၏။

8:2b.EST.008.002 ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ်၍ မော်ဒကဲအား ပေးတော် မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ် လေ၏။

8:3b.EST.008.003 တဖန်ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပြပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒ အမျိုးတဘက်၌ ကြံစည်သော အကြံအစည်ကို ပယ်တော် မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။

8:4b.EST.008.004 ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ထ၍ရှင်ဘုရင် ရှေ့တော်၌ ရပ်လျက်၊

8:5b.EST.008.005 အရှင်မင်းကြီးအလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မ ကိုလည်း ချစ်တော်မူလျှင်၎င်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။

8:6b.EST.008.006 ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကို၎င်း၊ ကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။

8:7b.EST.008.007 ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို ဖိဖုရား ဧသတာအားငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။

8:8b.EST.008.008 သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ် သော ရှင်ဘုရင် မိန့်တော်စာကို အဘယ်သူမျှ မပယ်ရ သည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။

8:9b.EST.008.009 ထိုအခါ ဝိဝန်အမည်ရှိသော တတိယလနှစ် ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်တို့၌ ရှိသော ယုဒလူ၊ ကိုယ်စားတော် မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲမှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကားအသီး အသီးအားဖြင့်၊

8:10b.EST.008.010 ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက် စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုပ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက် လေ၏။

8:11b.EST.008.011 အမိန့်တော်စာချက်ဟူမူကား၊ အာဒါအမည် ရှိသော ဒွါဒသမလ တဆယ်သုံးရက် တနေ့ခြင်းတွင်၊

8:12b.EST.008.012 နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်အမြို့မြို့ ၌ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရ အပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ် သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူ သိမ်းရုံးရသောအခွင့် ကို ရှင်ဘုရင်ပေးတော်မူ၏။

8:13b.EST.008.013 ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှါ၊ အတိုင်းတိုင်း အပြည် ပြည်၌နေသော လူမျိုးအပေါင်းတို့အား ကြော်ရသော အမိန့်တော်စာချက်ဖြစ်သတည်း။

8:14b.EST.008.014 ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ပြီး မှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။

8:15b.EST.008.015 မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊

8:16b.EST.008.016 ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း ၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက် ကြ၏။

8:17b.EST.008.017 ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင်းခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံ သောကြောင့် ယုဒဘာသာကို ဝင်ကြ၏။

9

9:1b.EST.009.001 ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မြော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသော သူတို့ကိုနိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလတဆယ်သုံးရက်နေ့တွင်၊

9:2b.EST.009.002 ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ၏။

9:3b.EST.009.003 အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော် မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့ သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။

9:4b.EST.009.004 အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သိတင်း နှံ့ပြား၍၊ တနေ့ထက် တနေ့ကြီးမြင့်ရာသို့ ရောက် သတည်း။

9:5b.EST.009.005 ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကြံသတ်ဖြတ်ဖျက်ဆီး၍၊ မနာလိုသော သူတို့၌ ပြုချင်သမျှပြုကြ၏။

9:6b.EST.009.006 ရှုရှန်မြို့တော်၌လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြ၏။

9:7b.EST.009.007 ယုဒအမျိုး၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။

9:11b.EST.009.011 ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်း ကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။

9:12b.EST.009.012 ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒ လူတို့သည် ရှုရှန် မြို့တော်၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလိုရှိသေးသနည်း။ အလိုရှိသည် အတိုင်း ငါပြုမည်။ အဘယ်ဆိုကို တောင်းချင်သေး သနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊

9:13b.EST.009.013 ဧသတာက၊ အရှင်မင်းကြီးအလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော် အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊

9:14b.EST.009.014 ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့် တော်ကို ထုတ်ပြီးမှ၊ ဟာမန်သား တကျိပ်ကို ဆွဲထား ကြ၏။

9:15b.EST.009.015 ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။

9:16b.EST.009.016 နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလတဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။

9:17b.EST.009.017 ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက် ကြ၏။

9:18b.EST.009.018 ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တဆယ် သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တဆယ်ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာ နေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ၏။

9:19b.EST.009.019 မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။

9:20b.EST.009.020 တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။

9:21b.EST.009.021 ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ ချမ်းသာ ရသောနေ့၊

9:22b.EST.009.022 သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။

9:23b.EST.009.023 ယုဒလူတို့ကလည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။

9:24b.EST.009.024 ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့်၎င်း၊

9:25b.EST.009.025 ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒ လူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့် သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊

9:26b.EST.009.026 ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက်၊

9:27b.EST.009.027 ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း၊

9:28b.EST.009.028 ထိုပုရနေ့တို့သည် ယုဒအမျိုး၌မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။

9:29b.EST.009.029 ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တဖန်ရေးထားကြ၏။

9:30b.EST.009.030 ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား၍၊

9:31b.EST.009.031 ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။

9:32b.EST.009.032 ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။

10

10:1b.EST.010.001 ရှင်ဘုရင် အာရွှေရုသည်မြေကြီးပေါ်၌၎င်း၊ ပင်လယ်တွင်ရှိသောကျွန်းတို့ပေါ်၌၎င်း၊ ငွေတော်ခွဲ ကြောင်း အစရှိသော၊

10:2b.EST.010.002 အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ၏ ဘုန်းတန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ၊ ပေရသိရာဇဝင်တို့၌ ရေးထားလျက် ရှိ၏။

10:3b.EST.010.003 ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒလူ တို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကို သာပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။


Holder of rights
Multilingual Bible Corpus

Citation Suggestion for this Object
TextGrid Repository (2025). Myanmar Collection. Esther (Myanmar). Esther (Myanmar). Multilingual Parallel Bible Corpus. Multilingual Bible Corpus. https://hdl.handle.net/21.11113/0000-0016-AAAB-8