Exodus (Myanmar)

Exodus (Myanmar)

1

1:1b.EXO.001.001 မိမိတို့ အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလ သားတို့၏အမည်ဟူမူကား၊

1:2b.EXO.001.002 ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊

1:3b.EXO.001.003 ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊

1:4b.EXO.001.004 ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ - ယာကုပ် အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။

1:6b.EXO.001.006 ယောသပ်နှင့် အစ်ကိုများမှစ၍၊ ထိုကာလ အမျိုးသားအပေါင်းတို့သည် သေကြကုန်၏။

1:7b.EXO.001.007 ဣသရေလအမျိုးသားတို့သည် သားကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး၌ နှံ့ပြားကြလေ၏။

1:8b.EXO.001.008 ထိုနောက်မှ အဲဂုတ္တုပြည်၌ ယောသပ်ကို မသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။

1:9b.EXO.001.009 ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက် သာ၍များကြ၏။ သာ၍အားကြီး ကြ၏။

1:10b.EXO.001.010 လာကြ၊ သူတို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက်လျှင် ငါတို့ရန်သူဘက်သို့ ဝင်စား၍ ငါတို့ကို တိုက်သဖြင့်၊ ပြည်တော်ထဲက ထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။

1:11b.EXO.001.011 ထို့ကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက်ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဘို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကို တည်ဆောက်ရကြ၏။

1:12b.EXO.001.012 သို့သော်လည်း၊ နှိပ်စက်ခြင်းကို ခံရသည်အတိုင်း၊ တိုးပွားများပြားလျက် ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ်၍၊

1:13b.EXO.001.013 အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။

1:14b.EXO.001.014 သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာ စေခိုင်းကြ၏။

1:15b.EXO.001.015 ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမ တို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊

1:16b.EXO.001.016 သင်တို့သည် ဟေဗြဲမိန်းမတို့အား ဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စောင့်နေသောအခါ၊ ယောက်ျားဖြစ်လျှင် သေစေ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေဟု အမိန့်တော် ရှိ၏။

1:17b.EXO.001.017 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။

1:18b.EXO.001.018 အဲဂုတ္တုရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကို ခေါ်၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း။ ယောက်ျားတို့ကိုအဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ်သော်၊

1:19b.EXO.001.019 ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တု၊ မိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မှီ သားကိုဘွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။

1:20b.EXO.001.020 ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်း များပြား၍ အလွန်အားကြီးကြလေ၏။

1:21b.EXO.001.021 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော် မူ၏။

1:22b.EXO.001.022 ဖာရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကား အသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။

2

2:1b.EXO.002.001 ထိုကာလ၌ လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊

2:2b.EXO.002.002 မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ်လုံး ဖွက်ထားလေ၏။

2:3b.EXO.002.003 နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။

2:4b.EXO.002.004 သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး၌ ရပ်နေလေ၏။

2:5b.EXO.002.005 ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌ လှည့်လည်စဉ်၊ ကိုင်းတော၌ ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ်လေ၏။

2:6b.EXO.002.006 ပုခက်ဖုံးကို ဖွင့်သောအခါ၊ ငိုလျက်နေသော သူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသော်၊

2:7b.EXO.002.007 သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ ခေါ်ရ ပါမည်လောဟု ဖာရောဘုရင်၏ သမီးတော်အား မေးလျှောက်၍၊

2:8b.EXO.002.008 မင်းသမီးက သွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။

2:9b.EXO.002.009 ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကို ယူသွား၍ ငါ့ဘို့ ထိန်းလော။ အခကို ငါပေးမည်ဟု မှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကို ယူသွား၍ ထိန်းလေ၏။

2:10b.EXO.002.010 သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏ သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ ခန့်ထားလျက်၊ မောရှအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း။

2:11b.EXO.002.011 မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊

2:12b.EXO.002.012 ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌ မြှုပ်ထားလေ ၏။

2:13b.EXO.002.013 နက်ဖြန်နေ့၌ ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏အပေါင်းအဘော်ကို အဘယ်ကြောင့် ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော်၊

2:14b.EXO.002.014 ထိုသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။ အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီဟု သိ၍ကြောက်လေ၏။

2:15b.EXO.002.015 ထိုသိတင်းကို ဖါရောဘုရင်ကြားသောအခါ၊ မောရှေကို သတ်ခြင်းငှါ ရှာကြံလေ၏။ မောရှေသည် ဖါရောဘုရင်ထံမှ ထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာ ထိုင်၍နားနေလေ၏။

2:16b.EXO.002.016 ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။

2:17b.EXO.002.017 သိုးထိန်းအချို့တို့လည်း လာ၍ သိုးဆိတ်များကို မောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကို ရေတိုက်လေ၏။

2:18b.EXO.002.018 ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန် ရောက်လာရကြသနည်းဟု မေးလေ၏။

2:19b.EXO.002.019 သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေ လိုသမျှကို ခပ်သဖြင့်၊ သိုးဆိတ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော၏။

2:20b.EXO.002.020 အဘကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။

2:21b.EXO.002.021 မောရှေသည် ထိုသူထံမှာနေ၍ ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။

2:22b.EXO.002.022 ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။

2:23b.EXO.002.023 ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေကျွန်ခံ၍ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ၏။

2:24b.EXO.002.024 သူတို့ ညည်းတွားမြည်တမ်းခြင်း အသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။

2:25b.EXO.002.025 ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကို ကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။

3

3:1b.EXO.003.001 မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တော နောက်ဘက်သို့ ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။

3:2b.EXO.003.002 ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင်၊

3:3b.EXO.003.003 အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။

3:4b.EXO.003.004 မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲက ခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။

3:5b.EXO.003.005 ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသော မြေဖြစ်သည်ဟူ၍၎င်း၊

3:6b.EXO.003.006 ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍၎င်း မိန့်တော်မူ၏။ မောရှသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။

3:7b.EXO.003.007 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ၏။

3:8b.EXO.003.008 သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည် စီးတတ်သော ပြည်သို့ ပို့ဆောင်ခြင်းငှါ ငါဆင်းလာပြီ။

3:9b.EXO.003.009 ယခုတွင်လည်း ဣသရေလအမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။

3:10b.EXO.003.010 ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် မည်အကြောင်း၊ သင့်ကိုဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။

3:11b.EXO.003.011 မောရှေကလည်း၊ အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍၊ ဖါရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အား လျှောက်လျှင်၊

3:12b.EXO.003.012 ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်း လက္ခဏာသက်သေဟူမူကား၊ သင်သည်ထို လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။

3:13b.EXO.003.013 မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်သည် ငါ့ကိုသင်တို့ ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍ မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။

3:14b.EXO.003.014 ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူ၍၎င်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ၍၎င်း၊ မောရှေ အားမိန့်တော်မူ၏။

3:15b.EXO.003.015 တဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။

3:16b.EXO.003.016 သွား၍ဣသရေလအမျိုးအသက်ကြီးသူတို့ကို စုဝေးစေပြီးလျှင်၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော် မူလျက်၊ အကယ်စင်စစ် သင်တို့ကို ငါအကြည့်အရှုလာ၍၊ အဲဂုတ္တုပြည်၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ။

3:17b.EXO.003.017 အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကို ငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါဂတိရှိသည်ဟု မိန့်တော်မူပြီဟု သူတို့အား ပြောလော့။

3:18b.EXO.003.018 သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူ ပြီ။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ တောသို့ သုံးရက်ခရီးသွားရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည်။

3:19b.EXO.003.019 အဲဂုတ္တုရှင်ဘုရင်သည် ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသော အခွင့်ကို သင်တို့အား မပေးကြောင်းကို ငါသိ၏။

3:20b.EXO.003.020 ငါသည်လည်း လက်ကိုဆန်၍၊ အဲဂုတ္တုပြည်ထဲ၌ ငါပြုလတံ့သော ငါ၏အံ့ဘွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကို ဒဏ်ခတ်မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင်တို့ကို လွှတ်လိမ့်မည်။

3:21b.EXO.003.021 ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသော အခွင့်ကို ငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်း မသွားရကြ။

3:22b.EXO.003.022 အကြောင်းမူကား၊ မိန်းမတိုင်းမိမိအိမ်နီးချင်း၊ မိမိအိမ်မှာ တည်းသောသူ၌ ငွေတန်ဆာ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကို တောင်း၍၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့်၊ အဲဂုတ္တုလူတို့၏ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

4

4:1b.EXO.004.001 မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရ ဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ၏။

4:2b.EXO.004.002 ထာဝရဘုရားကလည်း၊ သင်၏လက်၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟု လျှောက်၏။

4:3b.EXO.004.003 မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ၏။

4:4b.EXO.004.004 ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကို ကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဘမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။

4:5b.EXO.004.005 သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။

4:6b.EXO.004.006 တဖန် ထာဝရဘုရားက၊ သင်၏လက်ကိုသင်၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကို ရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။

4:7b.EXO.004.007 တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကို ရင်ခွင် သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။

4:8b.EXO.004.008 ထိုသူတို့သည် သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည်။

4:9b.EXO.004.009 သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ၊ သင်၏ စကားကို နားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကို ယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။

4:10b.EXO.004.010 မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။

4:11b.EXO.004.011 ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။

4:12b.EXO.004.012 သို့ဖြစ်၍ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။

4:13b.EXO.004.013 မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော်၊

4:14b.EXO.004.014 ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။

4:15b.EXO.004.015 သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။

4:16b.EXO.004.016 သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည် လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။

4:17b.EXO.004.017 သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော် မူ၏။

4:18b.EXO.004.018 မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။

4:19b.EXO.004.019 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည်၌ မောရှေအား မိန့်တော်မူ၏။

4:20b.EXO.004.020 ထိုအခါ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။

4:21b.EXO.004.021 ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။

4:22b.EXO.004.022 ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။

4:23b.EXO.004.023 ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ၏။

4:24b.EXO.004.024 ခရီးသွားစဉ်တွင်၊ စားခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ၏။

4:25b.EXO.004.025 ထိုအခါ၊ ဇိပေါရသည် ထားကိုယူ၍ သား၏ အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပြပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို၏။

4:26b.EXO.004.026 ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီးမင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟု ဆိုသတည်း။

4:27b.EXO.004.027 ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။

4:28b.EXO.004.028 မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။

4:29b.EXO.004.029 ထိုသူညီနောင်နှစ်ပါးတို့သည် သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင်၊

4:30b.EXO.004.030 အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော၍၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ၏။

4:31b.EXO.004.031 ထိုလူများတို့သည် ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို၎င်း၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ် ကြ၏။

5

5:1b.EXO.005.001 ထိုနောက်မှ၊ မောရှေနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ ငါ့အဘို့ ပွဲခံစေခြင်းငှါ လွှတ်ရမည်ဟု မိန့်တော်မူကြောင်းကို လျှောက်၏။

5:2b.EXO.005.002 ဖါရောမင်းကလည်း၊ ထာဝရဘုရား၏စကားကို နားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရားကို ငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ၏။

5:3b.EXO.005.003 သူတို့ကလည်း၊ ဟေဗြဲလူတို့၏ ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက် ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ထားဘေးတစုံတခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။

5:4b.EXO.005.004 အဲဂုတ္တုရှင်ဘုရင်ကလည်း၊ မောရှေနှင့် အာရုန်၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း။ အမှုတော်ကို သွား၍ ဆောင်ရွက်ကြဟု မိန့်တော်မူ၏။

5:5b.EXO.005.005 တဖန်လည်း ပြည်တော်၌ ထိုလူတို့သည် ယခုများကြ၏။ အမှုမထမ်းစေခြင်းငှါ သင်တို့သည် အခွင့် ပေးကြသည်တကားဟု ဖါရောဘုရင်ဆို၍၊

5:6b.EXO.005.006 ထိုနေ့ခြင်းတွင် အအုပ်အချုပ်၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊

5:7b.EXO.005.007 အုတ်လုပ်စရာဘို့ ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့ မပေးနှင့်။ သူတို့သည် ကောက်ရိုးကို ကိုယ်ဘို့ ရှာယူကြစေ။

5:8b.EXO.005.008 အုတ်ကိုကား၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့လုပ်စေရမည်၊ အလျှင်းမလျော့စေနှင့်။ သူတို့သည် ပျင်းရိကြ၏။ ထိုကြောင့် သွား၍ငါတို့ ဘုရားသခင်အား ယဇ်ပူဇော်ကြစို့ဟု ကြွေးကြော်တတ်ကြ၏။

5:9b.EXO.005.009 သို့ဖြစ်၍ စည်းကြပ်လျက် လုပ်စေကြ။ ပင်ပန်းစေကြ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ၏။

5:10b.EXO.005.010 အအုပ်အချုပ် အကြပ်အဆော်တို့သည် ထွက်၍၊ ဖါရောဘုရင်က ကောက်ရိုးကိုငါမပေး။

5:11b.EXO.005.011 ကောက်ရိုးကို တွေ့နိုင်ရာအရပ်၌ ရှာကြ။ သို့သော်လည်း လုပ်ရသော အလုပ်အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အား ပြန်ကြားကြ၏။

5:12b.EXO.005.012 သို့ဖြစ်၍လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကို ရှာယူခြင်းငှါ အဲဂုတ္တုပြည်တရှောက်လုံးတွင် အရပ်ရပ် ကွဲပြားကြ၏။

5:13b.EXO.005.013 အုပ်ချုပ်သော သူတို့ကလည်း၊ ကောက်ရိုးကို ရသည်ကာလ၌ နေ့တိုင်းလုပ်ရသည်အတိုင်း၊ ပြီးအောင် လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ၏။

5:14b.EXO.005.014 ဖါရောမင်း၏ အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုး အကြပ်အဆော်တို့ကို သင်တို့ သည် အရင်ကလုပ်သည်အတိုင်း၊ ယနေ့နှင့်မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြ သနည်းဟု စစ်၍ရိုက်ကြ၏။

5:15b.EXO.005.015 ထိုအခါ၊ ဣသရေလအမျိုး အကြပ်အဆော်တို့သည်၊ ဖါရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့် ဤသို့စီရင်တော်မူသနည်း။

5:16b.EXO.005.016 ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သော သူတို့ကလည်း၊ အုတ်ကိုလုပ်ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော် လူတို့၌သာ အပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။

5:17b.EXO.005.017 ဖါရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍ ထာဝရ ဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ ဆိုတတ်ကြ၏။

5:18b.EXO.005.018 သို့သောကြောင့် ယခုသွား၍လုပ်ကြ။ ကောက်ရိုးကိုမပေးရ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ၏။

5:19b.EXO.005.019 ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသ ရေလအမျိုး အကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။

5:20b.EXO.005.020 ဖါရောမင်းထံမှ ထွက်သွားကြစဉ်၊ လမ်း၌ စောင့်လျက်နေသော မောရှေနှင့်အာရုန်ကို တွေ့လျှင်၊

5:21b.EXO.005.021 ထာဝရဘုရားသည် သင်တို့ကို ကြည့်ရှု၍ စီရင်တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှါ၎င်း၊ ငါတို့ကို သတ်ရသော အခွင့်ရှိစေခြင်းငှါ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ၏။

5:22b.EXO.005.022 မောရှေသည်လည်း၊ ထာဝရဘုရား ထံတော်သို့သွား၍၊ အိုဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ညှဉ်းဆဲတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။

5:23b.EXO.005.023 အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့် ပြောခြင်းငှာ၊ ဇါရောမင်း ထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကို ညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏ လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟု လျှောက်၏။

6

6:1b.EXO.006.001 ထာဝရဘုရားကလည်း၊ ငါသည် ဖါရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည် ကြီးစွာသောတန်ခိုးကို တွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကို တွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

6:2b.EXO.006.002 တဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။

6:3b.EXO.006.003 ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော် လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကို မသိကြ။

6:4b.EXO.006.004 သူတို့သည် အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှါ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ။

6:5b.EXO.006.005 အဲဂုတ္တုလူတို့သည် အစေကျွန်ခံစေသော ဣသ ရေလအမျိုးသားတို့၏ ညဉ်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။

6:6b.EXO.006.006 ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။

6:7b.EXO.006.007 ငါ၏လူမျိုးဖြစ်စေခြင်းငှါ၊ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည်။

6:8b.EXO.006.008 ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ ငါပို့ဆောင်၍၊ အမွေခံစရာဘို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

6:9b.EXO.006.009 ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း ၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။

6:10b.EXO.006.010 ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံသို့ဝင်၍၊

6:11b.EXO.006.011 သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

6:12b.EXO.006.012 မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖါရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။

6:13b.EXO.006.013 သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။

6:14b.EXO.006.014 ဣသရေလအဆွေအမျိုးသူကြီးတို့၏ အမည်ဟူမူကား၊ ဣသရေလသားဦးရုဗင်၏သားကား၊ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။

6:15b.EXO.006.015 ရှိမောင်၏သားကား၊ ယမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးသမီး မိန်းမ၏သား ရှောလတည်း။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ်၏။

6:16b.EXO.006.016 လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။

6:17b.EXO.006.017 ဂေရရှုံသားအဆွေအမျိုးအလိုက် ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။

6:18b.EXO.006.018 ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တရာသုံးဆယ်သုံးနှစ်ရှိသတည်း။

6:19b.EXO.006.019 မေရာရိသားကား၊ မဟာလိနှင့် မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း။

6:20b.EXO.006.020 အာမရံသည် မိမိအရီးယောခေဗက်နှင့် စုံဘက်၍၊ သူသည် အာရုန်နှင့်မောရှေကို၎င်း၊ သူတို့အစ်မ မိရိအံကို၎င်း ဘွားလေ၏။ အာမရံအသက်သည် အနှစ်တရာ သုံးဆယ်ခုနစ်နှစ်ရှိသတည်း။

6:21b.EXO.006.021 ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။

6:22b.EXO.006.022 ဩဇေလသားကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိတည်း။

6:23b.EXO.006.023 အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမ ဧလိရှဘနှင့် စုံဘက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဘွားလေ၏။

6:24b.EXO.006.024 ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုး ဖြစ်သ တည်း။

6:25b.EXO.006.025 အာရုန်သား ဧလဇာသည် ပုတျေလသမီး တယောက်နှင့်စုံဘက်၍၊ သူသည် ဖိနဟတ်ကိုဘွားလေ၏။ ဤသူတို့သည် လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီး ဖြစ်ကြသတည်း။

6:26b.EXO.006.026 ထာဝရဘုရားက ဣသရေလအမျိုးသား ဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူ သောစကားကို ခံသောသူ၊

6:27b.EXO.006.027 ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခြင်းငှါ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့်မောရှေ ဖြစ်သတည်း။

6:28b.EXO.006.028 အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊

6:29b.EXO.006.029 ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ၏။

6:30b.EXO.006.030 မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖါရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။

7

7:1b.EXO.007.001 ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖါရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည်၊ သင်၏ပရောဖက် ဖြစ်ရလိမ့်မည်။

7:2b.EXO.007.002 ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည်။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။

7:3b.EXO.007.003 ငါသည်လည်း ဖါရောမင်း၏ နှလုံးကို ခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည်။

7:4b.EXO.007.004 သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။

7:5b.EXO.007.005 ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

7:6b.EXO.007.006 မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ၏။

7:7b.EXO.007.007 ဖါရောဘုရင်ထံ၌ လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏ အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။

7:8b.EXO.007.008 တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊

7:9b.EXO.007.009 ဖါရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသော တန်ခိုးကို ပြလော့ဟုဆိုလျှင်၊ သင်၏ လှံတံကိုယူ၍ ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

7:10b.EXO.007.010 မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့်၊ အာရုန်သည် ဖါရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။

7:11b.EXO.007.011 ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု၍၊

7:12b.EXO.007.012 မိမိတို့ကိုင်သော လှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏ လှံတံများကို မျိုလေ၏။

7:13b.EXO.007.013 ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နား မထောင်ဘဲနေ၏။

7:14b.EXO.007.014 ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။

7:15b.EXO.007.015 နံနက်အချိန်၌ ဖါရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။

7:16b.EXO.007.016 ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား။

7:17b.EXO.007.017 ထာဝရဘုရားက၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။

7:18b.EXO.007.018 မြစ်၌ရှိသော ငါးတို့သည်သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေ ကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

7:19b.EXO.007.019 တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ၏။

7:20b.EXO.007.020 မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု၍၊ အာရုန်သည် ဖါရောဘုရင် ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။

7:21b.EXO.007.021 မြစ်၌ရှိသော ငါးတို့သည်လည်း သေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက် ရှိလေ၏။

7:22b.EXO.007.022 အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။

7:23b.EXO.007.023 နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲ နေလေ၏။

7:24b.EXO.007.024 ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာ တွင်းတူးကြ၏။

7:25b.EXO.007.025 ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကို လွန်စေတော်မူ၏။

8

8:1b.EXO.008.001 ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင်ထံသို့ဝင်၍ ငါ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့။

8:2b.EXO.008.002 မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။

8:3b.EXO.008.003 မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည် သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာ ပေါ်၌၎င်း၊ သင်၏ကျွန်တို့ အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း တက်ကြလိမ့်မည်။

8:4b.EXO.008.004 သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့ အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ သည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

8:5b.EXO.008.005 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကို ကိုင်လျက်၊ လက်ကို ဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကို တက်စေ ခြင်းငှါ ပြောလော့ဟု မိန့်တော်မူ၏။

8:6b.EXO.008.006 အာရုန်သည် အဲဂုတ္တုပြည်၌ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဘားတို့သည်တက်၍ အဲဂုတ္တု ပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ၏။

8:7b.EXO.008.007 ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင် ကြ၏။

8:8b.EXO.008.008 ထိုအခါ ဖါရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော် ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။

8:9b.EXO.008.009 မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေ ခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊

8:10b.EXO.008.010 နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ်၍၊

8:11b.EXO.008.011 ဘားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှထွက်သွား၍ မြစ်၌သာ နေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင်၊

8:12b.EXO.008.012 အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော် မူသော ဘားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပဌနာပြုလေ၏။

8:13b.EXO.008.013 ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့်၊ ဘားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။

8:14b.EXO.008.014 အသေကောင်တို့ကို စုပုံ၍ထားသဖြင့် တပြည်လုံး နံလေ၏။

8:15b.EXO.008.015 ဖါရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ၏။

8:16b.EXO.008.016 တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ရှိသော မြေမှုန်သည် ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍၊ မြေမှုန့်ကို ရိုက်စေခြင်း ငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊

8:17b.EXO.008.017 အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍ မြေမှုန့်ကို ရိုက်လေ၏။ မြေမှုန့်သည်လည်း လှံ၌၎င်း၊ တိရစ္ဆာန်၌၎င်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တရှောက်လုံး၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ် လေ၏။

8:18b.EXO.008.018 ဝိဇ္ဇာဆရာကိုလည်း၊ ခြင်ကောင်တို့ကို ဖြစ်စေ ခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင် ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ခြင်ကောင်တို့သည် ရှိကြ၏။

8:19b.EXO.008.019 ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရား သခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။

8:20b.EXO.008.020 ထာဝရဘုရားကလည်း၊ သင်သည် နံနက် စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖါရော ဘုရင်ရှေ့မှာ ရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။

8:21b.EXO.008.021 မလွှတ်ဘဲနေလျှင် သင်နှင့်သင်၏ကျွန်များ၊ လူ များ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တု လူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည်။

8:22b.EXO.008.022 ငါသည် မြေကြီးအလယ်၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့၌ ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။

8:23b.EXO.008.023 ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနား စေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

8:24b.EXO.008.024 ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန် ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖါရောဘုရင်အိမ် အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက် လေ၏။

8:25b.EXO.008.025 ထိုအခါ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန် ကို ခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌သင်တို့၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊

8:26b.EXO.008.026 မောရှေက ထိုသို့မပြုသင့်။ ပြုလျှင်အဲဂုတ္တုလူ တို့၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော် လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။

8:27b.EXO.008.027 သို့ဖြစ်၍ တော၌သုံးရက်ခရီးသွား၍ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို၏။

8:28b.EXO.008.028 ဖါရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကို ငါပေးမည်။ သို့ရာတွင် ဝေးဝေး မသွားရကြ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ၏။

8:29b.EXO.008.029 မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ မှ ထွက်သွား၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ၏ ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသ ရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည် အကြောင်း၊ နောက်တဖန် ဆီးတား၍ လှည့်စားတော် မမူပါနှင့်ဟု လျှောက်ပြီးလျှင်၊

8:30b.EXO.008.030 ဖါရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကို တောင်းပန်လေ၏။

8:31b.EXO.008.031 ထာဝရဘုရားသည်လည်း၊ မောရှေစကားကို နားထောင်၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တကောင်မျှ မကျန်စေခြင်းငှါ ပယ်ရှား တော်မူ၏။

8:32b.EXO.008.032 ထိုအခါ၌လည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။

9

9:1b.EXO.009.001 ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင် ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကို လွှတ်လော့။

9:2b.EXO.009.002 မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊

9:3b.EXO.009.003 ထာဝရဘုရား၏လက်တော်သည် လယ်ပြင်၌ ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွားတို့အပေါ်၌ ရောက်၍ အလွန်ပြင်းစွာသော ရောဂါ စွဲလိမ့်မည်။

9:4b.EXO.009.004 ထာဝရဘုရားသည်၊ ဣသရေလလူတို့၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကို ခြားနား စေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။

9:5b.EXO.009.005 နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကို ထာဝရ ဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

9:6b.EXO.009.006 နက်ဖြန်နေ့၌ ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုးသေကြ၏။ ဣသ ရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။

9:7b.EXO.009.007 ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသ ရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။

9:8b.EXO.009.008 ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကို လက် နှင့်ယူ၍ မောရှေသည် ဖါရောဘုရင်ရှေ့၌ မိုဃ်းကောင်း ကင်သို့ပစ်လွှင့်စေ။

9:9b.EXO.009.009 ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး၌ နှံ့ပြား သော အမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အ တိုင်း၊

9:10b.EXO.009.010 သူတို့သည် မီးဖိုထဲကပြာကိုယူ၍၊ ဖါရောဘုရင် ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ ပစ် လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲ အကျိတ်ပြည့်သော အနာဆိုးဖြစ်လေ၏။

9:11b.EXO.009.011 ဝိဇ္ဇာဆရာတို့သည် အနာဆိုးကြောင့်၊ မောရှေ ရှေ့၌မရပ်မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်း စွဲသတည်း။

9:12b.EXO.009.012 ထာဝရဘုရားသည် ဖါရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအား မိန့်တော်မူ သည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲ နေလေ၏။

9:13b.EXO.009.013 တဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖါရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ ဘုရား သခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြု မည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။

9:14b.EXO.009.014 သို့မဟုတ် ယခုကာလအခါ သင်၏နှလုံး၌၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ်အလုံးစုံ တို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူ မရှိကြောင်းကိုသင်သည် သိရလိမ့်မည်။

9:15b.EXO.009.015 ငါ့လက်ကို ငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။သင့်ကိုလည်း မြေကြီးပေါ် က သုတ်သင်ပယ်ရှင်းမည်။

9:16b.EXO.009.016 အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်း ငှါ၎င်း၊ သင့်ကို ငါချီးမြှောက်ခဲ့ပြီ။

9:17b.EXO.009.017 သင်သည် ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကို စော်ကားသေးသလော။

9:18b.EXO.009.018 ကြည့်ရှုလော့။ အဲဂုတ္တုပြည် တည်သည်ကာလမှ စ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေ မည်။

9:19b.EXO.009.019 ထိုကြောင့်ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့ မဆောင်လျင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုဃ်းသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကို ပြောလော့ဟု မောရှေ အား မိန့်တော်မူ၏။

9:20b.EXO.009.020 ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။

9:21b.EXO.009.021 ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ ထားကြ၏။

9:22b.EXO.009.022 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တရှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်တို့အပေါ်မှာ၎င်း၊ လယ်ပြင်၌ရှိလေသမျှသော အပင်များအပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။

9:23b.EXO.009.023 မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုဃ်းသီးရွာစေ တော်မူသဖြင့်၊

9:24b.EXO.009.024 အဲဂုတ္တုပြည် တည်ထောင်သည်ကာလမှစ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့်ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။

9:25b.EXO.009.025 အဲဂုတ္တုပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ၏။

9:26b.EXO.009.026 သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ မိုဃ်းသီးမကျမရွာ။

9:27b.EXO.009.027 ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။

9:28b.EXO.009.028 တန်ပါပြီ။ အားကြီးသော မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲမည်အကြောင်း၊ ထာဝရဘုရားကို တောင်းပန်ပါ။ သင်တို့ကို ငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။

9:29b.EXO.009.029 မောရှေကလည်း၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည်။ မိုဃ်းသီးလည်း မကျမရွာရ။

9:30b.EXO.009.030 သို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေး ကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။

9:31b.EXO.009.031 ပိုက်ဆန်ပင်၊ မုယောပင်ကို မိုဃ်းသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ။

9:32b.EXO.009.032 ဂျုံစပါး၊ ကောက်စပါးပင်ကိုကား မထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။

9:33b.EXO.009.033 မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကို ဖြန့်သဖြင့်၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ၏။ မြေပေါ်၌လည်း မိုဃ်းမရွာ။

9:34b.EXO.009.034 ထိုသို့ မိုဃ်းမရွာ၍ မိုဃ်းသီးနှင့် မိုဃ်းကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။

9:35b.EXO.009.035 ထိုသို့ ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။

10

10:1b.EXO.010.001 တဖန် ထာဝရဘုရားက၊ သင်သည် ဖာရောဘုရင်ထံသို့ ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့၌ ပြခြင်းငှာ၎င်း၊

10:2b.EXO.010.002 အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အား ကြားပြောသဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၎င်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံး ကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။

10:3b.EXO.010.003 မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရ ဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ် မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်း။ ငါ၏လူတို့ သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကို ပေးလော့။

10:4b.EXO.010.004 သို့မဟုတ် ငါ၏လူတို့ကို မလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန် ငါဆောင်ခဲ့မည်။

10:5b.EXO.010.005 မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကို ဖုံးလွှမ်းကြလိမ့်မည်။ မိုဃ်းသီးမဖျက်၊ သင်တို့၌ ကျန်ကြွင်းသေးသမျှကို၎င်း၊ သင်တို့အဘို့ မြေ၌ ပေါက်သမျှသော အပင်တို့ကို၎င်း စားကြလိမ့်မည်။

10:6b.EXO.010.006 သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည် ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဘူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။

10:7b.EXO.010.007 ဖာရောဘုရင်၏ ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊

10:8b.EXO.010.008 မောရှေနှင့် အာရုန်ကို တဖန် ဖာရောဘုရင်ထံသို့ သွင်းပြန်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟု မေးလျှင်၊

10:9b.EXO.010.009 မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊

10:10b.EXO.010.010 ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကို ငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။

10:11b.EXO.010.011 ထိုသို့ မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို အထံတော်မှ နှင်ကြလေ၏။

10:12b.EXO.010.012 ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုဃ်းသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင် ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

10:13b.EXO.010.013 မောရှေသည် မိမိလှံတံကို အဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ၏။

10:14b.EXO.010.014 ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကို လွှမ်းမိုး၍၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်း မဖြစ်ရလတံ့။

10:15b.EXO.010.015 မြေမည်းသည်တိုင်အောင် မြေတပြင်လုံးကို ဖုံးအုပ်၍ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သောသစ်သီး ရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တရှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာ တစုံတခုမျှ မကျန်ရစ်။

10:16b.EXO.010.016 ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင်တို့ကို၎င်း ငါပြစ်မှားပါပြီ။

10:17b.EXO.010.017 သို့ဖြစ်၍ သည်တခါ ငါ့အပြစ်ကို သည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟု ဆိုသည်ရှိသော်၊

10:18b.EXO.010.018 မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကို တောင်းပန်လေ၏။

10:19b.EXO.010.019 ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား၍ ဧဒုံပင်လယ်၌ ချပစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ ကျိုင်းတကောင်မျှ မကျန်ရစ်။

10:20b.EXO.010.020 သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။

10:21b.EXO.010.021 တဖန် ထာဝရဘုရားက၊ အဲဂုတ္တုပြည်တရှောက်လုံး၌ မှောင်မိုက်သာမညမဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

10:22b.EXO.010.022 မောရှေသည် မိမိလက်ကို မိုဃ်းကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။

10:23b.EXO.010.023 ထိုအခါ တယောက်ကိုတယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှ မထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကို ရကြ၏။

10:24b.EXO.010.024 ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သိုးနွားများကို ထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။

10:25b.EXO.010.025 မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည်။

10:26b.EXO.010.026 ကျွန်ုပ်တို့သည် တိရစ္ဆာန်များကို ဆောင်သွားရမည်။ တကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟု ဆိုလေသော်၊

10:27b.EXO.010.027 ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို မလွှတ်။

10:28b.EXO.010.028 မောရှေကိုလည်း၊ ငါ့ထံမှ ထွက်သွားလော့။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကို မြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။

10:29b.EXO.010.029 မောရှေကလည်း၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ၏။ မျက်နှာတော်ကို နောက်တဖန်မမြင်ပါဟု လျှောက်ဆို၏။

11

11:1b.EXO.011.001 ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကို လွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကို တပြိုင်နက် နှင်လိမ့်မည်။

11:2b.EXO.011.002 ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌၎င်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌၎င်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အား ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

11:3b.EXO.011.003 သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေ တော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ ကျွန်များ၊ လူများရှေ့၌ ကြီးစွာသော အသရေရှိလေ၏။

11:4b.EXO.011.004 ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ ငါထွက်သွားမည်။

11:5b.EXO.011.005 နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦး တိုင်အောင်၊ အဲဂုတ္တုပြည်၌ ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။

11:6b.EXO.011.006 အဲဂုတ္တုပြည်တရှောက်လုံးတွင်၊ ရှေးကာလ၌ မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတံ့သော ကြီးစွာသော ငိုကြွေးခြင်း ဖြစ်ရလိမ့်မည်။

11:7b.EXO.011.007 သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစုံတယောက်ကို ခွေးတကောင်မျှ မဟိန်းရဟု မိန့်တော်မူ၏။

11:8b.EXO.011.008 ကိုယ်တော်၏ ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့ လာ၍ ပြပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌လိုက်သော လူအပေါင်းတို့ ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့်၊ အမျက်ထွက်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။

11:9b.EXO.011.009 ထာဝရဘုရားကလည်း၊ အံ့ဘွယ်သော အမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

11:10b.EXO.011.010 မောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲ နေသတည်း။

12

12:1b.EXO.012.001 ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊

12:2b.EXO.012.002 ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည်။

12:3b.EXO.012.003 သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တအိမ်ထောင်လျှင် သိုးသငယ်တကောင်စီ ယူရမည်။

12:4b.EXO.012.004 အိမ်ထောင်ငယ်၍ သိုးသငယ်တကောင်နှင့် မတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တကောင်ကို စားလောက်သောသူများကို ထောက်၍ သိုးသငယ် တကောင်ကို ယူရမည်။

12:5b.EXO.012.005 သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ၊ အခါမလည်သော အထီးဖြစ်ရမည်။

12:6b.EXO.012.006 ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလအမျိုး အစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။

12:7b.EXO.012.007 သိုးသငယ်၏အသားကို စားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏အသွေးကို ယူ၍ ထိုးရမည်။

12:8b.EXO.012.008 အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညဉ့်ခြင်းတွင် တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။

12:9b.EXO.012.009 အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံး စသည်တို့နှင့်တကွ၊ မီးကင်ပြီးမှ စားရမည်။

12:10b.EXO.012.010 နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။

12:11b.EXO.012.011 အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။

12:12b.EXO.012.012 အကြောင်းမူကား၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏ သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရားစီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။

12:13b.EXO.012.013 သိုးသငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။

12:14b.EXO.012.014 ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည်။

12:15b.EXO.012.015 ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားရမည်။ ပဌမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပဌမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။

12:16b.EXO.012.016 ပဌမနေ့၌၎င်း၊ ခုနစ်ရက်နေ့၌၎င်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ လူတိုင်း စားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။

12:17b.EXO.012.017 ထိုအဇုမပွဲကိုခံရသော အကြောင်းဟူမူကား၊ ထိုနေ့ရက်၌ သင်တို့ ဗိုလ်ခြေများကို၊ အဲဂုတ္တုပြည်ထဲက ငါနှုတ်ဆောင်သည်ဖြစ်၍၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း၊ သင်တို့၏အမျိုးအစဉ်အဆက် မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည်။

12:18b.EXO.012.018 ပဌမလဆယ်လေးရက်နေ့ညဦးမှစ၍ နှစ်ဆယ်တရက်နေ့ ညဦးတိုင်အောင်၊ သင်တို့သည် တဆေး မပါသောမုန့်ကို စားရကြမည်။

12:19b.EXO.012.019 ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တကျွန်းတနိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည်။

12:20b.EXO.012.020 သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာ စားရမည်ဟု မိန့်တော်မူ၏။

12:21b.EXO.012.021 ထိုအခါ မောရှေသည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များ အသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကို ယူ၍ ပသခါပွဲဘို့ သတ်ကြလော့။

12:22b.EXO.012.022 ဟုဿုပ်ပင်ညွန့်တစည်းကို ယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ။

12:23b.EXO.012.023 အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူ မည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။

12:24b.EXO.012.024 သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲ စောင့်ရကြမည်။

12:25b.EXO.012.025 ဂတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့ သင်တို့သည် ရောက်ကြ သောအခါ ဤဝတ်ကို ပြုရမည်။

12:26b.EXO.012.026 သင်တို့၏ သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊

12:27b.EXO.012.027 ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။

12:28b.EXO.012.028 ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ၏။

12:29b.EXO.012.029 သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍ ထောင်ထဲမှာ အချုပ်ခံရသော သူ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်တို့၏ သားဦးရှိသမျှကို ၎င်း ဒဏ်ခတ်တော်မူ၏။

12:30b.EXO.012.030 ထိုညဉ့်တွင်၊ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့သည် ထကြ၍၊ အသေကောင် ကင်းသောအိမ်တအိမ်မျှ မရှိသောကြောင့်၊ အဲဂုတ္တုပြည်၌ ကြီးစွာသော ငိုကြွေးခြင်း ဖြစ်လေ၏။

12:31b.EXO.012.031 ထိုညဉ့်ခြင်းတွင် မောရှေနှင့် အာရုန်ကို ခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲက ထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအား သွား၍ ဝတ်ပြုကြလော့။

12:32b.EXO.012.032 သင်တို့တောင်းသည်အတိုင်း သိုးနွားများကို ယူ၍ သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ၏။

12:33b.EXO.012.033 အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။

12:34b.EXO.012.034 ထိုလူတို့သည် တဆေးမရောသေးသော မုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ်၍ ထမ်းကြ၏။

12:35b.EXO.012.035 မောရှေစီရင်သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာ များကို အဲဂုတ္တုလူတို့၌ တောင်းကြ၏။

12:36b.EXO.012.036 တောင်းသည်အတိုင်းလည်း၊ ပေးချင်သောစေတာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရား ပေးတော်မူ သဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာများကို လုယူကြ၏။

12:37b.EXO.012.037 ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကို မဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက်မြို့မှ ထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။

12:38b.EXO.012.038 အမျိုးမျိုးသော လူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။

12:39b.EXO.012.039 တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကို ဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကို မပြင်မှီကြ။

12:40b.EXO.012.040 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်၍၊ တည်နေကြသော ကာလနှစ်ပေါင်း လေးရာသုံးဆယ် ဖြစ်သတည်း။

12:41b.EXO.012.041 အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည် မှ ထွက်သွားကြ၏။

12:42b.EXO.012.042 အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား၌ စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား၏ ညဉ့်ကား၊ ဤသည်ညဉ့်ပေတည်း။

12:43b.EXO.012.043 ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသားမစားရ။

12:44b.EXO.012.044 သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးလျှင် စားရ၏။

12:45b.EXO.012.045 တကျွန်းတနိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။

12:46b.EXO.012.046 တအိမ်တည်း၌ တကောင်ကိုစားရ၏။ အသားကို အိမ်ပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။

12:47b.EXO.012.047 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထိုပွဲကို ခံရကြမည်။

12:48b.EXO.012.048 သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှာ အလိုရှိလျှင်၊ သူ၌ရှိသော ယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ ဖြစ်သောကြောင့်၊ ချဉ်း၍ ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မစားရ။

12:49b.EXO.012.049 အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ တပါးတည်းသောတရားနှင့် ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့် အာရုန်၌ ပညတ်ထားတော်မူ၏။

12:50b.EXO.012.050 ထိုသို့ မောရှေနှင့်အာရုန်၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ပြုကြ၏။

12:51b.EXO.012.051 ထိုနေ့ခြင်းတွင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးသား ဗိုလ်ခြေတို့ကို အဲဂုတ္တုပြည်မှ ဆောင်သွား တော်မူပြီးလျှင်၊

13

13:1b.EXO.013.001 မောရှေကို ခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဘွားသောသူ၊

13:2b.EXO.013.002 လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဘို့ သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။

13:3b.EXO.013.003 မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကို မစားရ။

13:4b.EXO.013.004 အဗိဗလ၊ ယနေ့၌ပင် သင်တို့သည် ထွက်လာကြပြီ။

13:5b.EXO.013.005 သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။

13:6b.EXO.013.006 ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရား အဘို့ ပွဲခံရကြမည်။

13:7b.EXO.013.007 တဆေးမပါသောမုန့်ကို စားရသော ခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေ သောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။

13:8b.EXO.013.008 ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ၏ဟု ထိုနေ့၌ သားမြေးတို့အား ကြားပြောရမည်။

13:9b.EXO.013.009 ထာဝရဘုရား၏ တရားသည်၊ သင်၏နှုတ်၌ တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌ လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဘို့ရာ ဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။

13:10b.EXO.013.010 ထို့ကြောင့် စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။

13:11b.EXO.013.011 သင်တို့၌၎င်း၊ ဘိုးဘေး၌၎င်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင်၍၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ၊

13:12b.EXO.013.012 သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။

13:13b.EXO.013.013 မြည်းမ၌ အဦးဘွားသော မြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ် လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။

13:14b.EXO.013.014 နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။

13:15b.EXO.013.015 ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။

13:16b.EXO.013.016 ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။

13:17b.EXO.013.017 ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။

13:18b.EXO.013.018 ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့် ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသော တပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။

13:19b.EXO.013.019 အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာ တော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ် ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။

13:20b.EXO.013.020 တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။

13:21b.EXO.013.021 သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎င်း၊ ညဉ့်၌ကား၊ အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။

13:22b.EXO.013.022 နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။

14

14:1b.EXO.014.001 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် လည်၍၊ ပိဟဟိရုတ်မြို့နား၊

14:2b.EXO.014.002 မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား၊ ဗာလဇေဖုန်မြို့ရှေ့မှာ တပ်ချစေခြင်းငှာ မှာလိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ်ကမ်းနားမှာ တပ်ချရကြမည်။

14:3b.EXO.014.003 အကြောင်းမူကား၊ ဖာရောဘုရင်က၊ ဣသရေလအမျိုးသားတို့သည် ကျဉ်းကျုပ်ရာသို့ ရောက်ကြပြီ။ တောလမ်းပိတ်လျက်ရှိ၏ဟု ဆိုလိမ့်မည်။

14:4b.EXO.014.004 ငါသည်လည်း၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။

14:5b.EXO.014.005 ထိုလူတို့ထွက်ပြေးကြောင်းကို၊ အဲဂုတ္တုရှင်ဘုရင်အား ကြားရှောက်သဖြင့်၊ သူမှစ၍ ကျွန်များတို့သည် မနာလိုသောစိတ် ဖောက်ပြန်လျှင်၊ ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့် လွှတ်ရသနည်းဟု ပြောဆိုကြ၏။

14:6b.EXO.014.006 ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကို ပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။

14:7b.EXO.014.007 ရွေးသော ရထားခြောက်ရာ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ၏။

14:8b.EXO.014.008 ထာဝရဘုရားသည်၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို လိုက်လေ၏။ သို့သော်လည်း၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ၏။

14:9b.EXO.014.009 ထိုသို့ ဖာရောဘုရင်၏ မြင်းတော်၊ ရထားတော်၊ မြင်းစီးသူရဲဗိုလ်ပါ၊ အဲဂုတ္တုလူအပေါင်းတို့သည် လိုက်၍ ပိဟဟိရုတ်မြို့နား၊ ဗာလဇေဖုန်မြို့ရှေ့၌ ပင်လယ်ကမ်းနားမှာ တပ်ချလျက်နေသော ဣသရေလလူတို့ကို မှီကြ၏။

14:10b.EXO.014.010 ဖာရောဘုရင်သည် ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့်၍၊ အဲဂုတ္တုလူတို့ စစ်ချီလာကြောင်းကို မြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအား အော်ဟစ်ကြ၏။

14:11b.EXO.014.011 မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌ သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကို ဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။

14:12b.EXO.014.012 ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက် ရှိကြပါစေဟု အဲဂုတ္တုပြည်၌ ငါတို့ပြောရာတွင်၊ ဤအမှုကို ရည်ဆောင်၍ ပြောသည်မဟုတ်လော။ ငါတို့သည် ဤတော၌ သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံလျှင် သာ၍ကောင်းသည်ဟု ဆိုကြ၏။

14:13b.EXO.014.013 မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တဖန် အလျှင်းမမြင်ရကြ။

14:14b.EXO.014.014 သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အား ဆို၏။

14:15b.EXO.014.015 ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကို အော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာ မှာလိုက်လော့။

14:16b.EXO.014.016 သင်မူကား၊ လှံတံကို ချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကို ခွဲလော့။ ဣသရေလ အမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားရကြမည်။

14:17b.EXO.014.017 ငါသည်လည်း အဲဂုတ္တုလူတို့၏ နှလုံးကို ခိုင်မာစေသဖြင့်၊ သူတို့သည် လိုက်ကြလိမ့်မည်။ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေ၊ ရထား၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။

14:18b.EXO.014.018 ထိုသို့ ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

14:19b.EXO.014.019 ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌ လိုက်သဖြင့်၊ မိုဃ်းတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့၍ နောက်၌ ရပ်နေလေ၏။

14:20b.EXO.014.020 ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကို ပေးလျက်နေသဖြင့်၊ တညဉ့်လုံး တပ်တဦးနှင့်တဦး မချဉ်းနိုင်ရာ။

14:21b.EXO.014.021 မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။

14:22b.EXO.014.022 ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၍၊ ရေသည် သူတို့ လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။

14:23b.EXO.014.023 အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့ လိုက်ဝင်ကြ၏။

14:24b.EXO.014.024 နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။

14:25b.EXO.014.025 သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။

14:26b.EXO.014.026 ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

14:27b.EXO.014.027 မိုဃ်းလင်းသောအခါ၊ မောရှေသည် လက်ကို ပင်လယ်ပေါ်မှာ ဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ် အလယ်၌ လှဲတော်မူ၏။

14:28b.EXO.014.028 ထိုသို့ ပင်လယ်ရေသည် ပြန်လာ၍၊ ပင်လယ်ထဲသို့ လိုက်ဝင်သော ဖာရောဘုရင်၏ ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့်၊ တစုံတယောက်မျှ မကျန်ရစ်ရ၊

14:29b.EXO.014.029 ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွား၍၊ ရေသည် သူတို့လက်ျာ ဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။

14:30b.EXO.014.030 ထိုသို့ ထာဝရဘုရားသည် ထိုနေ့၌ ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူ အသေကောင်တို့ကို မြင်ရကြ၏။

14:31b.EXO.014.031 ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ ကျွန်မောရှေကို ယုံကြည်ကြ၏။

15

15:1b.EXO.015.001 ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။

15:2b.EXO.015.002 ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင် ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။

15:3b.EXO.015.003 ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။

15:4b.EXO.015.004 ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ရွေးသော ဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။

15:5b.EXO.015.005 နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။

15:6b.EXO.015.006 အို ထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။

15:7b.EXO.015.007 ကိုယ်တော် တဘက်၌ ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကို လွှတ်၍၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။

15:8b.EXO.015.008 နှာခေါင်းတော်လေအားဖြင့် ရေသည် စုဝေး၍၊ စီးသောရေသည် ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည် တောင့်မာလျက်နေရ၏။

15:9b.EXO.015.009 ရန်သူက၊ ငါလိုက်မည်။ သူတို့ကို မှီလိမ့်မည်။ လုယူသောဥစ္စာကို ဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကို အိမ်မှ ထုတ်၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း။

15:10b.EXO.015.010 ကိုယ်တော်သည် လေကို မှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ၏။

15:11b.EXO.015.011 အို ထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။

15:12b.EXO.015.012 လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့်၊ သူတို့ကို မြေမြှုပ်လေ၏။

15:13b.EXO.015.013 ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။

15:14b.EXO.015.014 လူမျိုးတို့သည် သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။

15:15b.EXO.015.015 ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။

15:16b.EXO.015.016 အို ထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏လူတို့ သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။

15:17b.EXO.015.017 အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။

15:18b.EXO.015.018 ထာဝရဘုရားသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။

15:19b.EXO.015.019 အကြောင်းမူကား၊ ဖာရောဘုရင်၏ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကို လွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၏။

15:20b.EXO.015.020 အာရုန်၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ၏။

15:21b.EXO.015.021 မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင်၍ ဆိုလေ၏။

15:22b.EXO.015.022 ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှ ဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကို မတွေ့မရကြ။

15:23b.EXO.015.023 မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း။

15:24b.EXO.015.024 လူများတို့သည် မောရှေကို အပြစ်တင်၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ၏။

15:25b.EXO.015.025 မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ၏။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင်၊ ရေသည် ချိုလေ၏။ ထိုအရပ်၌ သူတို့ကို စုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊

15:26b.EXO.015.026 သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော်အလိုသို့ လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

15:27b.EXO.015.027 ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ၏။

16

16:1b.EXO.016.001 တဖန် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှ ထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ၏။

16:2b.EXO.016.002 ထိုတော၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊

16:3b.EXO.016.003 ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။

16:4b.EXO.016.004 ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တနေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည်။

16:5b.EXO.016.005 နေ့တိုင်းသိမ်းယူသော အရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ ပြင်ရကြမည်ဟု မောရှေအား မိန့်တော်မူ၏။

16:6b.EXO.016.006 မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ သည်ဟု ယနေ့ ညဦးယံ၌ သင်တို့ သိကြလိမ့်မည်။

16:7b.EXO.016.007 နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။

16:8b.EXO.016.008 တဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌သင်တို့စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်းပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသောအသံကို ထာဝရဘရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကို မထိမခိုက်၊ ထာဝရဘုရားကို ထိခိုက်သည်ဟု ဆိုလေ၏။

16:9b.EXO.016.009 တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည် ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊

16:10b.EXO.016.010 အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသော ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြ၏။

16:11b.EXO.016.011 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။

16:12b.EXO.016.012 ညဦးယံ၌ သင်တို့သည် အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့် ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့က ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

16:13b.EXO.016.013 ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။

16:14b.EXO.016.014 နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ၏။

16:15b.EXO.016.015 ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကို တယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။

16:16b.EXO.016.016 လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တယောက် တဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။

16:17b.EXO.016.017 ဣသရေလအမျိုးသားတို့သည် ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။

16:18b.EXO.016.018 ဩမဲတောင်းနှင့် ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီး တို့သည် စားလောက်အောင် သိမ်းယူကြ၏။

16:19b.EXO.016.019 မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှ မကျန်စေနှင့်ဟု ဆိုသော်လည်း၊

16:20b.EXO.016.020 အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။

16:21b.EXO.016.021 ထိုသူ အသီးအသီးတို့သည် နေ့တိုင်း မိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါ အရေဖြစ်လေ၏။

16:22b.EXO.016.022 ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။

16:23b.EXO.016.023 သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာ ကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။

16:24b.EXO.016.024 မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင် သိုထားကြ၏။ နံခြင်းနှင့် ကင်းလွတ်၏။ ပိုးလည်းမရှိ။

16:25b.EXO.016.025 မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌ မတွေ့ရ။

16:26b.EXO.016.026 ခြောက်ရက်ပတ်လုံး သိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟု ဆိုလေ၏။

16:27b.EXO.016.027 ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍ မတွေ့ရကြ။

16:28b.EXO.016.028 ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း။

16:29b.EXO.016.029 ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌ နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။

16:30b.EXO.016.030 ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။

16:31b.EXO.016.031 ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့် ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။

16:32b.EXO.016.032 မောရှေကလည်း၊ သင်တို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အား ကျွေးသော မုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။

16:33b.EXO.016.033 တဖန် အာရုန်ကိုလည်း၊ အိုးတလုံးကို ယူ၍ မန္နတဩမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုး အစဉ်အဆက်ဘို့ စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟု ဆို၍၊

16:34b.EXO.016.034 မောရှေကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာ သိုထားလေ၏။

16:35b.EXO.016.035 ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကို စားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကို စားကြ၏။

16:36b.EXO.016.036 ဩမဲမူကား၊ ဧဖာဆယ်စုတစုဖြစ်သတည်း။

17

17:1b.EXO.017.001 ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သိန်တောထဲက ထွက်၍ ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဘို့ရာ ရေမရှိ။

17:2b.EXO.017.002 ထိုကြောင့် လူများတို့က၊ သောက်ဘို့ရေပေးပါဟု ဆို၍ မောရှေကို ရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟု ဆိုလေ၏။

17:3b.EXO.017.003 လူများတို့သည် ရေငတ်၍ မောရှေကို အပြစ်တင် မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။

17:4b.EXO.017.004 ထိုအခါ မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ၏။

17:5b.EXO.017.005 ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကို ခေါ်လော့။ မြစ်ကို ရိုက်သော သင်၏လှံတံကို ကိုင်လျက်၊ ဟောရပ်အရပ်သို့ သွားလော့။

17:6b.EXO.017.006 ထိုအရပ်၌ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည်။ သင်သည် ထိုကျောက်ကို ရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။

17:7b.EXO.017.007 ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင် ရှိသလော မရှိလောဟု ထာဝရဘုရားကို စုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟု သမုတ်သတည်း။

17:8b.EXO.017.008 ထိုအခါ အာမလက်လူတို့သည် လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။

17:9b.EXO.017.009 မောရှေကလည်း၊ လူတို့ကို ရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကို ကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။

17:10b.EXO.017.010 မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ၏။

17:11b.EXO.017.011 မောရှေသည် လက်ကို ချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကို ချသောအခါ၊ အာမလက်လူတို့သည် နိုင်ကြ၏။

17:12b.EXO.017.012 သို့ရာတွင် မောရှေ၏လက်သည် ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကို ထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ၍ သူ၏လက်ကို မကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။

17:13b.EXO.017.013 ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကို ထားလက်နက်ဖြင့် လုပ်ကြံလေ၏။

17:14b.EXO.017.014 ထာဝရဘုရားကလည်း၊ ဤအမှုကို အောက်မေ့စရာဘို့ စာရေးထား၍ ယောရှုအား ဘတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအား မိန့်တော်မူ၏။

17:15b.EXO.017.015 မောရှေသည်လည်း ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။

17:16b.EXO.017.016 အကြောင်းမူကား၊ အာမလက်လူမျိုး၏ လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ ရန်ဘက်ဖြစ် သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကို စစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။

18

18:1b.EXO.018.001 ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို၎င်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ ယောက္ခမ ယေသရော ကြားသည်ရှိသော်၊

18:2b.EXO.018.002 မောရှေလွှတ်ခဲ့သော မယားနှင့်

18:3b.EXO.018.003 သူ၏သားနှစ်ယောက်ကို ယူ၍ သွားလေ၏။ သားတယောက်ကား၊ ဂေရရှုံ အမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။

18:4b.EXO.018.004 သားတယောက်ကား၊ ဧလျေဇာ အမည်ရှိ၏။ အကြောင်းမူကား၊ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်သည် ငါ့ကို မစ၍ ဖာရောဘုရင်၏ ထားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း။

18:5b.EXO.018.005 မောရှေ၏ ယောက္ခမ ယေသရောသည် မောရှေမယားနှင့် သားတို့ကို ယူ၍၊ တော၌ ဘုရားသခင်၏ တောင်တော်နား၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင်၊

18:6b.EXO.018.006 ကိုယ်တော်၏ယောက္ခမ ယေသရောနှင့် ကိုယ်တော်၏ မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ ရောက်လာပါပြီဟု မောရှေအား ကြားပြောသော်၊

18:7b.EXO.018.007 မောရှေသည် ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တယောက်နှင့်တယောက် မေးမြန်းလျက် တဲသို့ဝင်ကြ၏။

18:8b.EXO.018.008 ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကို ၎င်း၊ လမ်းခရီးတွင် ခံရသော ဆင်းရဲဒုက္ခအလုံးစုံကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူ ကြောင်းကို၎င်း၊ မောရှေသည် ယောက္ခမအား ကြားပြောလေ၏။

18:9b.EXO.018.009 ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ပြုတော်မူသော ကျေးဇူးကြောင့် ယေသရောသည် ဝမ်းမြောက်လျက်၊

18:10b.EXO.018.010 အဲဂုတ္တုလူတို့လက်မှ၎င်း၊ ဖာရောဘုရင်လက်မှ၎င်း၊ သင့်ကို ကယ်နှုတ်တော်မူထသော၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။

18:11b.EXO.018.011 ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှတို့ထက် သာ၍ ကြီးမြတ်တော်မူကြောင်းကို ယခု ငါသိ၏။ အကြောင်းမူကား၊ လူတို့သည် မာနထောင်လွှားသော အမှုအရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ၊

18:12b.EXO.018.012 မောရှေ၏ ယောက္ခမ ယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဘို့ ယဇ်များကို ဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ ယောက္ခမနှင့်အတူ ဘုရားသခင့် ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။

18:13b.EXO.018.013 နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ၏။ နံနက်မှစ၍ ညဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာ နေကြ၏။

18:14b.EXO.018.014 မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှု အဘယ်သို့နည်း။ သင်သည် တယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ ညဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟု ဆို၏။

18:15b.EXO.018.015 မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏ အယူတော်ကို ခံလို၍ ကျွန်ုပ်ထံသို့ လာသောကြောင့် ဤသို့ဖြစ်၏။

18:16b.EXO.018.016 သူတို့သည် အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ ပညတ်တရားများကို သင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊

18:17b.EXO.018.017 ယောက္ခမက၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။

18:18b.EXO.018.018 သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန် အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန်လေး၏။ တယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။

18:19b.EXO.018.019 ငါ့စကားကို နားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့် မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သော အမှု၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရားသခင်အထံတော်သို့ ဝင်၍ လျှောက်ရမည်။

18:20b.EXO.018.020 သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်း ပြရမည်။

18:21b.EXO.018.021 ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကို ရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။

18:22b.EXO.018.022 ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကို ခံကြစေ။ ငယ်သောအမှုကို အလိုလို စီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည်။

18:23b.EXO.018.023 ထိုသို့ ဘုရားသခင် အခွင့်နှင့်ပြုလျှင် သင်သည် ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည် သို့ ငြိမ်ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို၏။

18:24b.EXO.018.024 မောရှေသည်လည်း ယောက္ခမ၏စကားကို နားထောင်၍ စကားရှိသည်အတိုင်း ပြုလျက်၊

18:25b.EXO.018.025 တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲက ရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ၌ ခန့်ထားလေ၏။

18:26b.EXO.018.026 ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကို တရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကို ခံကြ၏။ လွယ်သောအမှုကို အလိုလို စီရင်ကြ၏။

18:27b.EXO.018.027 ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကို ပေး၍၊ သူသည် မိမိနေရာသို့ သွားလေ၏။

19

19:1b.EXO.019.001 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ တတိယလ တရက်နေ့၌ သိနာတောသို့ ရောက်ကြ၏။

19:2b.EXO.019.002 ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။

19:3b.EXO.019.003 မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊

19:4b.EXO.019.004 ငါသည် အဲဂုတ္တုလူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။

19:5b.EXO.019.005 ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။

19:6b.EXO.019.006 သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။

19:7b.EXO.019.007 မောရှေသည် ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူ သော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။

19:8b.EXO.019.008 လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီ တညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။

19:9b.EXO.019.009 ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား၍ အစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း၊ မိုဃ်းတိမ်တိုက်၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။

19:10b.EXO.019.010 ထာဝရဘုရားကလည်း လူတို့ရှိရာသို့ သွား၍၊ ယနေ့နှင့်နက်ဖြန်၌ သူတို့ကို သန့်ရှင်းစေလော့။ သူတို့အဝတ်ကို လျှော်စေ၍၊

19:11b.EXO.019.011 သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့ရှေ့၊သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။

19:12b.EXO.019.012 လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့ မတက်၊ တောင်ခြေရင်းကို မထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကို ထိမိသောသူမည်သည်ကား၊ ဧကန်အမှန် အသေခံစေ။

19:13b.EXO.019.013 ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရ ကြမည်ဟု မောရှေအား မိန့်တော်မူ၏။

19:14b.EXO.019.014 မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ၏။

19:15b.EXO.019.015 မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အား ဆိုလေ၏။

19:16b.EXO.019.016 သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။

19:17b.EXO.019.017 မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။

19:18b.EXO.019.018 ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။

19:19b.EXO.019.019 တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။

19:20b.EXO.019.020 ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။

19:21b.EXO.019.021 ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။

19:22b.EXO.019.022 ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။

19:23b.EXO.019.023 မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ၏။

19:24b.EXO.019.024 ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့်အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့ တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည် ဟု မိန့်တော်မူ၏။

19:25b.EXO.019.025 မောရှေသည်လည်း လူများတို့ရှိရာသို့ ဆင်း၍ ကြားပြောလေ၏။

20

20:1b.EXO.020.001 ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊

20:2b.EXO.020.002 ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

20:3b.EXO.020.003 ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။

20:4b.EXO.020.004 အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။

20:5b.EXO.020.005 ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊

20:6b.EXO.020.006 ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။

20:7b.EXO.020.007 သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။

20:8b.EXO.020.008 ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။

20:9b.EXO.020.009 ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။

20:10b.EXO.020.010 သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။

20:11b.EXO.020.011 အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။

20:12b.EXO.020.012 သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။

20:13b.EXO.020.013 လူအသက်ကို မသတ်နှင့်။

20:14b.EXO.020.014 သူ့မယားကို မပြစ်မှားနှင့်။

20:15b.EXO.020.015 သူ့ဥစ္စာကို မခိုးနှင့်။

20:16b.EXO.020.016 ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။

20:17b.EXO.020.017 ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။

20:18b.EXO.020.018 လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။

20:19b.EXO.020.019 မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။

20:20b.EXO.020.020 မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာ၎င်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။

20:21b.EXO.020.021 လူများတို့သည်လည်း အဝေး၌ ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဉ်းကပ်လေ၏။

20:22b.EXO.020.022 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။

20:23b.EXO.020.023 ငါ့ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေဘုရား၊ ရွှေဘုရားကို မလုပ်ရ။

20:24b.EXO.020.024 ငါ့အဘို့ မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ ငါကြွလာ၍ ကောင်းကြီးပေးမည်။

20:25b.EXO.020.025 သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဘို့ တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။

20:26b.EXO.020.026 သင်၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့် မတက်ရဟု မိန့်တော်မူ၏။

21

21:1b.EXO.021.001 ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊

21:2b.EXO.021.002 ဟေဗြဲအမျိုးဖြစ်သောကျွန်ကို ဝယ်လျှင်၊ ခြောက်နှစ်သာ အစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက် သော်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။

21:3b.EXO.021.003 ကျွန်ခံစက တယောက်တည်းခံလျှင်၊ တယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွ ထွက်စေရမည်။

21:4b.EXO.021.004 သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကို ဘွားမြင်လျှင်၊ မယားနှင့် သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တယောက်တည်းထွက်ရမည်။

21:5b.EXO.021.005 သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါ ဟု အတည့်အလင်းပြောဆိုလျှင်၊

21:6b.EXO.021.006 သခင်သည် ဘုရားသခင်ရှေ့တော်သို့၎င်း၊ အိမ်တံခါးတိုင်သို့၎င်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့် ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲ ကျွန်ခံရမည်။

21:7b.EXO.021.007 အဘသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည် မဟုတ်။

21:8b.EXO.021.008 သခင်သည် ထိုမိန်းမကို သိမ်းယူ၍ မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိ သောကြောင့်၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။

21:9b.EXO.021.009 မိမိသား၌ ပေးစားလျှင်မူကား၊ သမီးကဲ့သို့ ပြုစုရမည်။

21:10b.EXO.021.010 အခြားမိန်းမကို သိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏ အဝတ်အစားနှင့် မယားဝတ်ကို မလျှော့ရ။

21:11b.EXO.021.011 ထိုသုံးပါးကို မပြုလျှင်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။

21:12b.EXO.021.012 လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

21:13b.EXO.021.013 အသေသတ်မည် အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင်၊ ပြေးရသော အရပ်ကို ငါခန့်ထားမည်။

21:14b.EXO.021.014 အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍ သတ်ရမည်။

21:15b.EXO.021.015 မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။

21:16b.EXO.021.016 လူကို ခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကို အမှန်ခံရမည်။

21:17b.EXO.021.017 မိဘကို ကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

21:18b.EXO.021.018 လူချင်းခိုက်ရန် ပြု၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊

21:19b.EXO.021.019 တဖန်ထ၍ တောင်ဝေးနှင့်သွားလျှင်၎င်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသော သူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက်၊ ငွေကို လျော်ရမည်။

21:20b.EXO.021.020 သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကို ဒုတ်နှင့်ရိုက်၍ထိုကျွန်သေလျှင်၊ သခင်သည် လေးသော ဒဏ်ကို ခံရမည်။

21:21b.EXO.021.021 သို့ရာတွင် ကျွန်သည် တရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကို ပိုင်သောကြောင့် ဒဏ်နှင့် လွတ်ရမည်။

21:22b.EXO.021.022 လူချင်းခိုက်ရန် ပြုကြ၍၊ ကိုယ်ဝန်ဆောင်သော မိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသော အနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကို လျော်ရမည်။

21:23b.EXO.021.023 အခြားသော အနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊

21:24b.EXO.021.024 မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း၊

21:25b.EXO.021.025 မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်း ခံရမည်။

21:26b.EXO.021.026 သခင်သည် ကျွန်ယောက်ျား ကျွန်မိန်းမ၏ မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။

21:27b.EXO.021.027 ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ၏ သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။

21:28b.EXO.021.028 နွားသည် လူယောက်ျားမိန်းမကို ခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ်၍ သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။

21:29b.EXO.021.029 ၎င်းနည်းနွားသည် အထက်က ခွေ့ဘူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျားမိန်းမကို သတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကို လည်း အသေသတ်ရမည်။

21:30b.EXO.021.030 သို့မဟုတ် ငွေလျော်စေဟု စီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဘိုးကို လျော်ရမည်။

21:31b.EXO.021.031 သူတပါး၏ သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်း ခံရမည်။

21:32b.EXO.021.032 ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကို လျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့် ပစ်သတ်ရမည်။

21:33b.EXO.021.033 လူသည် တွင်းကို ဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊

21:34b.EXO.021.034 တွင်းရှင်သည် မြင်း၊ နွားအဘိုးကို လျော်၍ အသေကောင်ကို ယူရမည်။

21:35b.EXO.021.035 အကြင်သူ၏ နွားသည်၊ သူတပါး၏ နွားကို အသေခွေ့လျှင်၊နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကို ရောင်း၍ အဘိုးကို ဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။

21:36b.EXO.021.036 ၎င်းနည်းနွားသည် အထက်က ခွေ့ဘူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ် ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတကောင်အတွက် တကောင်ကို အမှန်လျော်ရမည်။

22

22:1b.EXO.022.001 လူသည် သိုးနွားကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတကောင်အတွက် နွားငါးကောင် ကို၎င်း၊ သိုးတကောင်အတွက် သိုးလေးကောင်ကို၎င်း ပြန်ပေးရမည်။

22:2b.EXO.022.002 သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင်သတ်သော်လည်း၊သေစား မသေစေရ။

22:3b.EXO.022.003 သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။

22:4b.EXO.022.004 သူခိုးလက်၌ ခိုးသောနွား၊ သိုးကို အသက်ရှင်လျှက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။

22:5b.EXO.022.005 သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်၎င်း၊ မိမိတိရိစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။

22:6b.EXO.022.006 မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။

22:7b.EXO.022.007 လူတဦးသည် အိမ်နီးချင်းတဦး၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကို အပ်နှံ၍၊ အပ်နှံခံသော သူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကို တွေ့မိသောအခါ နှစ်ဆလျော်စေ။

22:8b.EXO.022.008 သူခိုးကို မတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့် ရှေ့တော်၌ အစစ်ခံရမည်။

22:9b.EXO.022.009 သူ့ဥစ္စာကို ပြစ်မှားသည် အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစ ရှိသော ပျောက်သော ဥစ္စာတစုံတခုကို တွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင်၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော်၌အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။

22:10b.EXO.022.010 လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊

22:11b.EXO.022.011 အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။

22:12b.EXO.022.012 သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်။

22:13b.EXO.022.013 သားရဲကိုက်လျှင် သက်သေဘို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။

22:14b.EXO.022.014 လူသည် အိမ်နီးချင်း၌ တစုံတခုကို ငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍ နာသော်၎င်း၊ အမှန်လျော်ရမည်။

22:15b.EXO.022.015 ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။

22:16b.EXO.022.016 မပေးစားလိုသော အပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကို ပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။

22:17b.EXO.022.017 မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။

22:18b.EXO.022.018 စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။

22:19b.EXO.022.019 တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

22:20b.EXO.022.020 ထာဝရဘုရားမှတပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။

22:21b.EXO.022.021 တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။

22:22b.EXO.022.022 မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။

22:23b.EXO.022.023 နှောင့်ရှက်ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကို အမှန်ကြား၍၊

22:24b.EXO.022.024 ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။

22:25b.EXO.022.025 ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။

22:26b.EXO.022.026 အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည်။

22:27b.EXO.022.027 အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသော သဘောရှိ၏။

22:28b.EXO.022.028 ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ။

22:29b.EXO.022.029 အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည်။

22:30b.EXO.022.030 ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည်။

22:31b.EXO.022.031 သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကို မစားရ။ ခွေးတို့အား ပစ်ပေးရမည်။

23

23:1b.EXO.023.001 သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။

23:2b.EXO.023.002 လူများနောက်သို့ လိုက်၍ မတရားသဖြင့် မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ။

23:3b.EXO.023.003 ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။

23:4b.EXO.023.004 သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။

23:5b.EXO.023.005 သင့်ကို မုန်းသော သူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။

23:6b.EXO.023.006 သင်၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့် မစီရင်ရ။

23:7b.EXO.023.007 မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည် မတရားသော သူကို အပြစ်မလွှတ်။

23:8b.EXO.023.008 သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို ကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏ စကားကို လွဲစေတတ်၏။

23:9b.EXO.023.009 တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ ဘူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။

23:10b.EXO.023.010 ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကို သိမ်းရမည်။

23:11b.EXO.023.011 သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့် ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။

23:12b.EXO.023.012 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည်။

23:13b.EXO.023.013 ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏ နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့်။

23:14b.EXO.023.014 တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလချိန်းချက်သော နေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက် ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။

23:15b.EXO.023.015 ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သော နေ့ရက်အချိန၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။

23:16b.EXO.023.016 လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်း ခံရမည်။

23:17b.EXO.023.017 သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ မျက်နှာပြရကြမည်။

23:18b.EXO.023.018 ငါ့ယဇ်ကောင်၏ အသွေးကို၊ တဆေးပါသောမုန့်နှင့် ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။

23:19b.EXO.023.019 သင်၏မြေ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။

23:20b.EXO.023.020 ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကို စောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။

23:21b.EXO.023.021 ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည် မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။

23:22b.EXO.023.022 အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။

23:23b.EXO.023.023 ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။

23:24b.EXO.023.024 သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။

23:25b.EXO.023.025 သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေး တော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။

23:26b.EXO.023.026 သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။

23:27b.EXO.023.027 ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ လှည့်စေမည်။

23:28b.EXO.023.028 ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။

23:29b.EXO.023.029 ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည် သင့်တဘက်၌ များပြားလိမ့်မည်။

23:30b.EXO.023.030 သင်သည် တိုးပွား၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင် ထုတ်မည်။

23:31b.EXO.023.031 သင့်နေရာ နယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်၎င်း၊ တောမှသည် မြစ်တိုင်အောင်၎င်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့် မည်။

23:32b.EXO.023.032 သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည် မိဿဟာယမဖွဲ့ရ။

23:33b.EXO.023.033 သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌ မနေရကြ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

24

24:1b.EXO.024.001 တဖန် ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရားထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။

24:2b.EXO.024.002 သင်တယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ၏။

24:3b.EXO.024.003 မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက်အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်းပြန်ပြောကြ၏။

24:4b.EXO.024.004 မောရှေသည် ထာဝရဘုရား၏ စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင်တဆယ်နှစ်တိုင်ကို ၎င်း တည်လေ၏။

24:5b.EXO.024.005 ဣသရေလအမျိုးသား လူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့မှာ မီးရှို့သောယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။

24:6b.EXO.024.006 မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ထည့်၍၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။

24:7b.EXO.024.007 ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော် မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။

24:8b.EXO.024.008 မောရှေသည်လည်း၊ အသွေးကို ယူ၍ လူများအပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။

24:9b.EXO.024.009 ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့ သည် တက်၍၊

24:10b.EXO.024.010 ဣသရေလအမျိုး၏ ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့၎င်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့၎င်း ထင်လေ၏။

24:11b.EXO.024.011 ဣသရေလအမျိုးသား မှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကို မြင်ရသော် လည်း၊ စားသောက်လျက်နေကြ၏။

24:12b.EXO.024.012 ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊

24:13b.EXO.024.013 မောရှေသည် မိမိလက်ထောက်ယောရှုနှင့် အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။

24:14b.EXO.024.014 အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမှီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့် ဟုရသည် သင်တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့ သွားစေဟု မှာထားလေ၏။

24:15b.EXO.024.015 မောရှေသည် တောင်တော်ပေါ်သို့တက်၍၊ မိုဃ်းတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။

24:16b.EXO.024.016 ထာဝရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုဃ်းတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကို ခေါ်တော်မူ၏။

24:17b.EXO.024.017 ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ၏။

24:18b.EXO.024.018 မောရှေသည် မိုဃ်းတိမ်အထဲသို့ ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာ နေလေ၏။

25

25:1b.EXO.025.001 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊

25:2b.EXO.025.002 ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကို ခံရမည်။

25:3b.EXO.025.003 ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊

25:4b.EXO.025.004 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။

25:5b.EXO.025.005 အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။

25:6b.EXO.025.006 လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊

25:7b.EXO.025.007 ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။

25:8b.EXO.025.008 ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။

25:9b.EXO.025.009 ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။

25:10b.EXO.025.010 အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာရှိသော သေတ္တာကို၊ အကာရှသား နှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည်။

25:11b.EXO.025.011 သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။

25:12b.EXO.025.012 ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာ နှစ်ကွင်းစီ တပ်ရမည်။

25:13b.EXO.025.013 အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊

25:14b.EXO.025.014 သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။

25:15b.EXO.025.015 ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရမည်။

25:16b.EXO.025.016 ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။

25:17b.EXO.025.017 အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။

25:18b.EXO.025.018 ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။

25:19b.EXO.025.019 ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊

25:20b.EXO.025.020 ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးရမည်။

25:21b.EXO.025.021 သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။

25:22b.EXO.025.022 ထိုအရပ်၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့် နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။

25:23b.EXO.025.023 အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့် လုပ်၍၊

25:24b.EXO.025.024 ရွှေစင်နှင့် မွမ်းမံရမည်။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊

25:25b.EXO.025.025 အနံလက်တဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်ရမည်။

25:26b.EXO.025.026 ရွှေလေးကွင်းကိုလည်း လုပ်၍၊ ခြေထောက်လေးခု အထက်စားပွဲလေးထောင့်၌ တပ်ရမည်။

25:27b.EXO.025.027 ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည်။

25:28b.EXO.025.028 စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။

25:29b.EXO.025.029 စားပွဲနှင့်ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။

25:30b.EXO.025.030 ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။

25:31b.EXO.025.031 မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည်။

25:32b.EXO.025.032 မီးခုံတိုင်တဘက်တချက်သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။

25:33b.EXO.025.033 မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက် တလက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက် ရှိရမည်။

25:34b.EXO.025.034 မီးခုံတိုင်၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။

25:35b.EXO.025.035 မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီ ရှိရမည်။

25:36b.EXO.025.036 ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ၍၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည်။

25:37b.EXO.025.037 မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကို လင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။

25:38b.EXO.025.038 မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။

25:39b.EXO.025.039 မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည်။

25:40b.EXO.025.040 တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။

26

26:1b.EXO.026.001 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။

26:2b.EXO.026.002 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံ တူရမည်။

26:3b.EXO.026.003 ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။

26:4b.EXO.026.004 ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာ ပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။

26:5b.EXO.026.005 ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ် ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။

26:6b.EXO.026.006 ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။

26:7b.EXO.026.007 တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။

26:8b.EXO.026.008 ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။

26:9b.EXO.026.009 ကုလားကာငါးထည် တစပ်၊ ခြောက်ထည် တစပ်တည်း ချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ခေါက်ထားရမည်။

26:10b.EXO.026.010 ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို ၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။

26:11b.EXO.026.011 ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။

26:12b.EXO.026.012 ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။

26:13b.EXO.026.013 အပေါ်တဲ၌ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။

26:14b.EXO.026.014 အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။

26:15b.EXO.026.015 တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။

26:16b.EXO.026.016 ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။

26:17b.EXO.026.017 ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။

26:18b.EXO.026.018 တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။

26:19b.EXO.026.019 ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။

26:20b.EXO.026.020 ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။

26:21b.EXO.026.021 ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။

26:22b.EXO.026.022 တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊

26:23b.EXO.026.023 ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။

26:24b.EXO.026.024 အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။

26:25b.EXO.026.025 ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။

26:26b.EXO.026.026 တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။

26:27b.EXO.026.027 တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည်။

26:28b.EXO.026.028 အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။

26:29b.EXO.026.029 ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။

26:30b.EXO.026.030 တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။

26:31b.EXO.026.031 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည်။

26:32b.EXO.026.032 ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။

26:33b.EXO.026.033 သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။

26:34b.EXO.026.034 ဟဂျာဟဂျုံ အရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။

26:35b.EXO.026.035 ကုလားကာပြင်မှာ စားပွဲကို ထားရမည်။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။

26:36b.EXO.026.036 တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။

26:37b.EXO.026.037 ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။

27

27:1b.EXO.027.001 တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့်လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။

27:2b.EXO.027.002 ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။

27:3b.EXO.027.003 ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။

27:4b.EXO.027.004 ကြေးဝါ ဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊

27:5b.EXO.027.005 ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ ထားရမည်။

27:6b.EXO.027.006 ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊

27:7b.EXO.027.007 ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက် ကွင်းများ၌ လျှိုထားရမည်။

27:8b.EXO.027.008 တောင်ပေါ်မှာ သင့်အား ပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်ရမည်။

27:9b.EXO.027.009 တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။

27:10b.EXO.027.010 ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည်။

27:11b.EXO.027.011 ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။

27:12b.EXO.027.012 ဝင်းအနောက်ဘက် အနံ၌ ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။

27:13b.EXO.027.013 ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။

27:14b.EXO.027.014 တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊

27:15b.EXO.027.015 ခြေစွပ်သုံးခုရှိရမည်။

27:16b.EXO.027.016 ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။

27:17b.EXO.027.017 ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။

27:18b.EXO.027.018 ဝင်းသည် အလျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည်။

27:19b.EXO.027.019 အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။

27:20b.EXO.027.020 ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ် မီးထွန်းစရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။

27:21b.EXO.027.021 အာရုန်နှင့် သူ၏သားတို့သည်၊ ညဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။

28

28:1b.EXO.028.001 သင်၏ အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့်သူ၏ သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။

28:2b.EXO.028.002 သင်၏အစ်ကိုအာရုန်၌ဘုန်း အသရေ ထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသော အဝတ်ကို လုပ်၍ပေး ရမည်။

28:3b.EXO.028.003 အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ၍၊ သူ့ကို သန့်ရှင်းစေခြင်းငှါ၊ ငါပေးသော ဥာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည် အကြောင်း မှာထားရမည်။

28:4b.EXO.028.004 လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗေါင်း၊ ခါးပန်းတည်း ဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှါ၊

28:5b.EXO.028.005 ရွှေနှင့်ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ယူရမည်။

28:6b.EXO.028.006 ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာ လုပ်ရမည်။

28:7b.EXO.028.007 သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်ရမည်။

28:8b.EXO.028.008 သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို၎င်း လုပ်ရမည်။

28:9b.EXO.028.009 ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးကို၊

28:10b.EXO.028.010 အသက်အကြီးအငယ် အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာ တင်ရမည်။

28:11b.EXO.028.011 တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ဣသရေလအမျိုး၏ နာမည် တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။

28:12b.EXO.028.012 ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ သူတို့နာမည်များကို အာရုန် သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။

28:13b.EXO.028.013 ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည်။

28:14b.EXO.028.014 အဆုံးနှင့်တပ်ရသော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍ လုပ်ပြီးမှ ကျောက်အိုး၌ တွဲရမည်။

28:15b.EXO.028.015 ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ဗျာဒိတ် ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။

28:16b.EXO.028.016 နှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်း လေးထောင့် ဖြစ်ရမည်။

28:17b.EXO.028.017 ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီရမည်။ ပဌမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊

28:18b.EXO.028.018 ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊

28:19b.EXO.028.019 တတိယအတန်းကား၊ ဝှါကိန္တုမဟူရာ၊ ဂေါ်မိတ်။

28:20b.EXO.028.020 စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီရမည်။

28:21b.EXO.028.021 ဣသရေလအမျိုး တဆယ်နှစ်မျိုး ရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက် တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊

28:22b.EXO.028.022 ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။

28:23b.EXO.028.023 ရင်ဖုံးအပေါ် ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊

28:24b.EXO.028.024 ကျစ်သော ရွှေကြိုးနှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌ တပ်၍၊

28:25b.EXO.028.025 သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲရမည်။

28:26b.EXO.028.026 တဖန် ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌ တပ်ရမည်။

28:27b.EXO.028.027 အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။

28:28b.EXO.028.028 ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။

28:29b.EXO.028.029 အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ်ဌာနတော်ထဲသို့ ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှါ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည်။

28:30b.EXO.028.030 ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။

28:31b.EXO.028.031 သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာ လုပ်ရမည်။

28:32b.EXO.028.032 ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စါပ်ကို မစုပ်စေခြင်းငှါ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည် နှင့် ကွပ်ရမည်။

28:33b.EXO.028.033 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်သော သလဲသီးများကို၎င်း၊ ရွှေ ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊

28:34b.EXO.028.034 သလဲသီးတလုံး၊ ရွှေဆည်းလည်းတလုံးစီခြားလျက်၊

28:35b.EXO.028.035 အစဉ်အတိုင်း ဆွဲထားရမည်။ အာရန်သည် အမှုတော်ကို ဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲ မှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကို ဝတ်၍ သူ၏ အသံကို ကြားရမည်။

28:36b.EXO.028.036 ရွှေစင်သင်းကျစ်ကိုလည်း လုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း ခြင်းဟု အက္ခရာတင်၍၊

28:37b.EXO.028.037 ပြာသောကြိုးနှင့်ဗေါင်းရှေ့၌ ချည်ထားရမည်။

28:38b.EXO.028.038 အာရုန်သည် ထိုသင်းကျပ်ကို နဖူး၌ ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏ စိတ်တော်နှင့် တွေ့ခြင်းငှါ၊ အာရုန်၏ နဖူး၌ အစဉ်ဆင်ရမည်။

28:39b.EXO.028.039 ပိတ်ချောအင်္ကျီကိုလည်း လုပ်၍ ချယ်လှယ်ရမည်။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကို လည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည်။

28:40b.EXO.028.040 အာရုန်၏သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကို လုပ်ပေးရမည်။

28:41b.EXO.028.041 ထိုသို့ သင်၏ အစ်ကိုအာရုန်နှင့် သူ၏သားတို့ကို ဝတ်ဆင်စေပြီးမှ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ ခန့်ထား၍ သန့်ရှင်း စေရမည်။

28:42b.EXO.028.042 သူတို့၌ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှါ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ်၍ ပေးရမည်။

28:43b.EXO.028.043 အာရုန်နှင့်သူ၏သားတို့သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သော်၎င်း၊ သန့်ရှင်းရာ အရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်၎င်း၊ အပြစ်ရောက်၍ မသေစေခြင်းငှါ ထိုသို့ ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။

29

29:1b.EXO.029.001 သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ အဘယ်သို့ သန့်ရှင်းစေရမည် နည်းဟူမူကား၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကို၎င်း၊

29:2b.EXO.029.002 တဆေးမပါသော ဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ကြွပ်တို့ကို၎င်း ယူရမည်။

29:3b.EXO.029.003 ထိုမုန့်များကို တောင်းတလုံးထဲ၌ ထည့်ပြီးမှ၊ နွားတကောင်၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။

29:4b.EXO.029.004 အာရုန်နှင့်သူ၏သားတို့ကို၊ ပရိသတ် စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။

29:5b.EXO.029.005 အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ၍၊ ထူးဆန်းသော သင်တိုင်းရင်စည်းနှင့် စည်းရမည်။

29:6b.EXO.029.006 သူ၏ ခေါင်းပေါ်မှာ ဗေါင်းကိုတင်၍၊ ဗေါင်း၌သန့်ရှင်းသော သင်းကျစ်ကို တပ်ရမည်။

29:7b.EXO.029.007 ထိုအခါ လိမ်းစရာ ဆီကိုယူ၍ သူ၏ ခေါင်းပေါ်၌ လောင်းသဖြင့် သူ့ကိုလိမ်းရမည်။

29:8b.EXO.029.008 သူ၏သားတို့ကိုလည်း ခေါ်ခဲ့၍ အင်္ကျီဝတ်စေရမည်။

29:9b.EXO.029.009 ခါးပန်းကိုလည်း စည်း၍၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင်။ သူတို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင်ရမည်။ ထိုသို့ အာရုန်နှင့် သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားရမည်။

29:10b.EXO.029.010 ထိုနောက်၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏ သားတို့သည်၊ မိမိတို့ လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။

29:11b.EXO.029.011 ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ရမည်။

29:12b.EXO.029.012 အသွေးကို ယူ၍ ယဇ်ပလ္လင်ဦးချိုတို့၌ လက်ညှိုးနှင့်ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင် ခြေရင်းနား၌ သွန်ရမည်။

29:13b.EXO.029.013 အအူကို ဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။

29:14b.EXO.029.014 နွား၏အသား၊ အရေး၊ ချေးနုကိုကား၊ တပ်ပြင်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်၏

29:15b.EXO.029.015 သိုးထီးတကောင်ကိုလည်း ယူ၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည်။

29:16b.EXO.029.016 ထိုသိုးကို သတ်ပြီးလျှင် အသွေးကိုယူ၍ ယဇ်ပလ္လင်အပေါ်နား ပတ်လည်၌ ဖြန်းရမည်။

29:17b.EXO.029.017 သိုးကိုလည်း အပိုင်းပိုင်းဖြတ်၍ ဝမ်းထဲ၌ရှိသောအရာနှင့်ခြေတို့ကို ဆေးကြောပြီးလျှင်၊ ခေါင်းနှင့် သားတစ်များကို စုထား၍၊

29:18b.EXO.029.018 သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးရှို့သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်၏။

29:19b.EXO.029.019 အခြားသော သိုးကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည်။

29:20b.EXO.029.020 ထိုသိုးကို သတ်ပြီးလျင် အသွေးကိုယူ၍ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ သူ၏သားတို့၏ လက်ျာနားပျဉ်း၌၎င်း။ သူတို့၏ လက်ျာလက်မ၌၎င်း၊ လက်ျာခြေမ၌၎င်း ထည့်၍၊ ယဇ်ပလ္လင်အပေါ် ပတ်လည်၌ ဖြန်းရမည်။

29:21b.EXO.029.021 ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းစရာဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏ သားတို့နှင့်သူတို့ အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့သည် သန့်ရှင်း ကြလိမ့်မည်။

29:22b.EXO.029.022 ထိုသိုးသည် အရာ၌ ခန့်ထားရာသိုး ဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်း ပေါ်၌ ရှိသောအမြှေး ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသော ဆီဥ၊ လက်ျာပခုံး၊

29:23b.EXO.029.023 ထာဝရဘုရား ရှေ့တော၌ထားသော တဆေးမဲ့ မုန့်တောင်းထဲက မုန်တလုံး၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကို ယူ၍၊

29:24b.EXO.029.024 အာရုန်လက်၊ သူ၏ သားတို့လက်၌ ထိုအရာတို့ကို ထားပြီးလျှင်၊ ထာဝရ ဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုရမည်။

29:25b.EXO.029.025 ထိုအရာတို့ကို သူတို့လက်မှ ခံယူ၍၊ ထာဝရဘုရား ရှေ့တော်တွင် မွှေးကြိုင်သောအနံ့ ဖြစ်စေခြင်းငှါ၊ ယဇ်ပလ္လင်၌ မီးရှို့ရာ ယဇ်အပေါ်မှာ ရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာ ဖြစ်၏။

29:26b.EXO.029.026 အာရုန်၏အရာ၌ ခန့်ထားရာ သိုး၏ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုပြီးမှ၊ သိုး၏ ရင်ပတ်သည် သင်၏အဘို့ ဖြစ်ရမည်။

29:27b.EXO.029.027 ထိုသို့ အာရုန်နှင့်သားတို့၏ အရာ၌ ခန့်ထားသော သိုးထဲက၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲ သော ရင်ပတ်ကို၎င်း၊ ချီမြှောက်သော ပူဇော်သက္ကာပြု၍၊ ချီမြှောက်သော ပခုံးကို၎င်း သန့်ရှင်းစေ ပြီးမှ၊

29:28b.EXO.029.028 ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏ အဘို့၊ သူ့သားတို့၏အဘို့ ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိဿဟာယယဇ်ထဲက၊ ထာဝရ ဘုရား ရှေ့တော်၌ ချီးမြှောက်၍၊ ချီးမြှောက်ရာ ပူဇော်သက္ကာ ဖြစ်၏။

29:29b.EXO.029.029 အာရုန်၏ သန့်ရှင်းသော အဝတ်တန်ဆာကို၊ သူ၏သားတို့သည် အမွေခံသဖြင့်၊ ဆီလိမ်းခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသောအခါ၊

29:30b.EXO.029.030 အာရုန်ကိုယ်စား ယဇ်ပုရောဟိတ်လုပ်သော သားသည်၊ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ ခုနစ်ရက်ပတ်လုံး ဝတ်ဆင်ရမည်။

29:31b.EXO.029.031 အရာ၌ခန့်ထားရာ သိုး၏အသားကို ယူ၍၊ သန့်ရှင်းရာဌာန၌ ပြုတ်ပြီးမှ၊

29:32b.EXO.029.032 အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို၎င်း၊ တောင်းထဲ၌ ရှိသောမုန့်ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စားရကြမည်။

29:33b.EXO.029.033 သူတို့ကို သန့်ရှင်းစေ၍၊ အရာ၌ ခန့်ထားစေခြင်းငှါ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သော အရာတို့ကို၊ သူတို့သည် စားရကြမည်။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့်၊ မဆိုင်သောသူ မစားရ။

29:34b.EXO.029.034 အရာ၌ ခန့်ထားရာနှင့် ဆိုင်သော အမဲသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင်၊ ထိုအကြွင်းကို မီးရှို့ရမည်။ သန့်ရှင်းသောကြောင့်၊ အဘယ်သူမျှ မစားရ။

29:35b.EXO.029.035 ထိုသို့ ငါပညတ်သမျှအတိုင်း အာရုန်နှင့် သူ၏ သားတို့ အားပြု၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားခြင်း မင်္ဂလာကို၊ ခုနစ်ရက်ပတ်လုံးဆောင်ရမည်။

29:36b.EXO.029.036 ထိုမှတပါး၊ အပြစ်ဖြေခြင်းအလိုငှါ၊ နေ့တိုင်း နွားထီးတကောင်ကို ပူဇော်၍၊ အပြစ်ဖြေရာယဇ် ပြုရမည်။ ထိုသို့ ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြုပြီးမှ၊ ပလ္လင်ကို စင်ကြယ်စေရမည်။ ထို့နောက် သန့်ရှင်း စေခြင်းငှါ ဆီနှင့် လိမ်းရမည်။

29:37b.EXO.029.037 ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြု၍ သန့်ရှင်းစေပြီးမှ၊ အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်၍၊ ထိုပလ္လင်နှင့် တွေ့သမျှသောအရာတို့သည် သန့်ရှင်းသောအရာ ဖြစ်ရမည်။

29:38b.EXO.029.038 ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာ ဟူမူကား၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကို ယူ၍၊

29:39b.EXO.029.039 နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌ တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။

29:40b.EXO.029.040 သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသော သံလွင်ဆီသုံးလောဃ နှင့် ရောသော မုန့်ညက်တဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃကို ၎င်း၊ သိုးသငယ်နှင့် အတူ ပူဇော်ရမည်။

29:41b.EXO.029.041 အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည်။

29:42b.EXO.029.042 ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရား ရှေ့တော် ၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ် မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။

29:43b.EXO.029.043 ထိုအရပ်၌ ဣသရေလအမျိုးသားတို့နှင့် ငါတွေ့၍၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကို သန့်ရှင်းစေမည်။

29:44b.EXO.029.044 ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေ ခြင်းငှါ၊ အာရုန်နှင့် သူ၏သားတို့ကို၎င်း၊ ပရိသတ် စည်းဝေးရာ တဲတော်ကို၎င်း၊ ယဇ်ပလ္လင်ကို၎င်း၊ ငါသန့်ရှင်းစေမည်။

29:45b.EXO.029.045 ဣသရေလအမျိုးသားတို့တွင် ငါနေ၍၊ သူတို့၏ ဘုရားဖြစ်မည်။

29:46b.EXO.029.046 ငါသည် သူတို့တွင် နေခြင်းငှါ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နှုတ်ဆောင်ယူခဲ့သော သူတို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိကြလိမ့်မည်။ ငါသည် သူတို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။

30

30:1b.EXO.030.001 တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။

30:2b.EXO.030.002 ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိ ရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။

30:3b.EXO.030.003 ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။

30:4b.EXO.030.004 ရွှေတန်ဆာအောက်၊ ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ပလ္လင်ထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်ရမည်။

30:5b.EXO.030.005 ထမ်းဘိုးတို့ကို အကာရှသားနှင့် လုပ်၍ ရွှေနှင့်မွမ်းမံခံရမည်။

30:6b.EXO.030.006 ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက် ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကို ထားရမည်။

30:7b.EXO.030.007 အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည်။

30:8b.EXO.030.008 ညဦးယံ၌လည်း မီးခွက်တို့ကို ထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲ ပြုရသော နံ့သာ ပေါင်းရှို့ခြင်း ဖြစ်သတည်း။

30:9b.EXO.030.009 ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သော ယဇ်ကို မပြုရ။ ဘောဇဉ် ပူဇော်သက္ကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း မပြုရ။

30:10b.EXO.030.010 အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာယဇ် ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင်တို့ သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။

30:11b.EXO.030.011 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊

30:12b.EXO.030.012 ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှ တို့သည် အသီးအသီး မိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအား ဆက်ကပ်ရမည်။

30:13b.EXO.030.013 ရေတွက်၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။

30:14b.EXO.030.014 အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူ အပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရား အားပြုရမည်။

30:15b.EXO.030.015 ကိုယ်အသက်ကို ရွေးခြင်းငှါ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောအခါ၊ ငွေရတတ်သော သူတို့သည် မပို၊ ဆင်းရဲသော သူတို့သည် မလျှော့ဘဲ၊ လူတိုင်း အကျပ်တဝက်စီ ပေးရမည်။

30:16b.EXO.030.016 ဣသရေလအမျိုးသားတို့၏ အရွေးငွေကို ယူ၍ သူတို့အသက်ကို ရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏ သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့ အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။

30:17b.EXO.030.017 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊

30:18b.EXO.030.018 အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ်၍၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။

30:19b.EXO.030.019 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော်၎င်း၊၊

30:20b.EXO.030.020 အမှုတော်ကို ထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊

30:21b.EXO.030.021 သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုး အနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။

30:22b.EXO.030.022 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊

30:23b.EXO.030.023 သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ၊ မွှေးသော သစ်ကြံပိုးနှစ်ရာငါးဆယ်၊ မွှေးသောကြံနှစ်ရာငါးဆယ်၊

30:24b.EXO.030.024 သစ်ကြံပိုးတမျိုးငါးရာ၊ သံလွင်ဆီတဟိန်ကို ယူ၍၊

30:25b.EXO.030.025 ဆေးသမားအတတ်နှင့် ဖယောင်းဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသော နံ့သာဆီကို ဘော်ပြီးမှ၊

30:26b.EXO.030.026 ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက်သေတ္တာကို၎င်း၊

30:27b.EXO.030.027 စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊

30:28b.EXO.030.028 မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့်၊

30:29b.EXO.030.029 ထိုအရာတို့ကို အလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့ သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။

30:30b.EXO.030.030 အာရုန်နှင့် သူ၏သားတို့ကို လိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။

30:31b.EXO.030.031 ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဘို့ သန့်ရှင်းသော လိမ်းရန်ဆီ ဖြစ်ရမည်။

30:32b.EXO.030.032 လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကို ဘော်သည်နည်းတူ၊ အခြားသောဆီကို မဘော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။

30:33b.EXO.030.033 ထိုဆီနှင့်တူအောင် ဘော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

30:34b.EXO.030.034 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊

30:35b.EXO.030.035 ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည်။

30:36b.EXO.030.036 အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာ ထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။

30:37b.EXO.030.037 ထိုသို့သော နံ့သာပေါင်းကို ဘော်သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဘို့ မဘော်ရ။ သင်တို့တွင် ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

30:38b.EXO.030.038 အကြင်သူသည် မိမိရှို့စရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော်၏။ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

31

31:1b.EXO.031.001 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊

31:2b.EXO.031.002 နားထောင်လော့၊ ငါသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။

31:3b.EXO.031.003 သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊

31:4b.EXO.031.004 သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊

31:5b.EXO.031.005 ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။

31:6b.EXO.031.006 သူနှင့်အတူ ဒန်အမျိုးသား အဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ။

31:7b.EXO.031.007 ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကို၎င်း၊

31:8b.EXO.031.008 စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်း ရှို့သော ပလ္လင်၊

31:9b.EXO.031.009 မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို၎င်း၊

31:10b.EXO.031.010 အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ၏သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊

31:11b.EXO.031.011 လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ၏။

31:12b.EXO.031.012 တဖန်ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

31:13b.EXO.031.013 ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည်။

31:14b.EXO.031.014 ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။

31:15b.EXO.031.015 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန် အသေခံရမည်။

31:16b.EXO.031.016 သို့ဖြစ်၍ ဣသရေလအမျိုးသားအစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။

31:17b.EXO.031.017 ထိုသို့ စောင့်လျှင်၊ ငါနှင့် ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို၊ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။

31:18b.EXO.031.018 ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

32

32:1b.EXO.032.001 မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန် ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။

32:2b.EXO.032.002 အာရုန်ကလည်း၊ သင်တို့မယား သားသမီးများ၏ နား၌ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ ဆောင်ခဲ့ကြဟုဆိုလျှင်၊

32:3b.EXO.032.003 လူအပေါင်းတို့သည် မိမိတို့နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။

32:4b.EXO.032.004 အာရုန်သည်လည်း လက်ခံ၍၊ နွားသငယ် ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။

32:5b.EXO.032.005 အာရုန်သည် ထိုအမှုကို သိမြင်လျှင်၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကို တည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ ပွဲခံရသောနေ့ ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာစေ၏။

32:6b.EXO.032.006 နက်ဖြန်နံနက်စောစော လူတို့သည် ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက် ထိုင်နေကြ၏ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏။

32:7b.EXO.032.007 ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖေါက်ပြန်ကြပြီ။

32:8b.EXO.032.008 ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊

32:9b.EXO.032.009 ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။

32:10b.EXO.032.010 သို့ဖြစ်၍ ငါ့ကို ရှိစေတော့။ ငါသည် အမျက်ပြင်းစွာ ထွက်၍ သူတို့ကို ဖျက်ဆီးမည်။ သင့်ကိုကား ကြီးသော အမျိုးဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။

32:11b.EXO.032.011 မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။

32:12b.EXO.032.012 အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့်၊ သူတို့ကို တောတောင်များ၌ သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်း အလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏ လူတို့၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။

32:13b.EXO.032.013 ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။

32:14b.EXO.032.014 ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။

32:15b.EXO.032.015 မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။

32:16b.EXO.032.016 ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်းတော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင် အက္ခရာတင်တော်မူသော စာဖြစ်သတည်း။

32:17b.EXO.032.017 လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို၏။

32:18b.EXO.032.018 မောရှေကလည်း၊ ငါကြားသော အသံသည် အောင်၍ ကြွေးကြော်သံမဟုတ်၊ ရှုံး၍ ငိုကြွေးသံလည်း မဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။

32:19b.EXO.032.019 တပ်အနီးသို့ ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။

32:20b.EXO.032.020 သူတို့လုပ်သော နွားသငယ်ကိုလည်း ယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာ ဖြူး၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ၏။

32:21b.EXO.032.021 အာရုန်ကိုလည်းခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင်၊

32:22b.EXO.032.022 အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော် သိပါ၏။

32:23b.EXO.032.023 သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင်၊

32:24b.EXO.032.024 အကျွန်ုပ်က၊ ရွှေရှိသော သူသည် ချွတ်စေဟုဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည် မီးထဲ၌ ထည့်လျှင်၊ ဤနွားသငယ် ထွက်လာပါသည်ဟု ပြန်ပြော၏။

32:25b.EXO.032.025 ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာ အချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊

32:26b.EXO.032.026 တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။

32:27b.EXO.032.027 မောရှေကလည်း၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီး အသီး မိမိ ညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊

32:28b.EXO.032.028 မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည် ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။

32:29b.EXO.032.029 တဖန် မောရှေက၊ ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြ ပြီးဟု ဆိုလေ၏။

32:30b.EXO.032.030 နက်ဖြန်နေ့၌လည်း၊ သင်တို့ ပြစ်မှားသော အပြစ် ကြီးလှ၏။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား၍၊သင်တို့ အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ၊

32:31b.EXO.032.031 ထာဝရဘုရားအထံတော်သို့ ပြန်သွား၍၊ အိုဘုရားသခင်။ ဤလူတို့သည် ပြစ်မှားသော အပြစ် ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကို လုပ်ပါပြီ။

32:32b.EXO.032.032 သို့သော်လည်း သူတို့အပြစ်ကို လွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော် စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ လျှောက်လျှင်၊

32:33b.EXO.032.033 ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကို ပြစ်မှား၏၊ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။

32:34b.EXO.032.034 သို့ဖြစ်၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည်။ သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ၊ သူတို့၌ အပြစ်ပေးလျက် ကြွလာမည်ကို မိန့်တော်မူ၏။

32:35b.EXO.032.035 အာရုန်နှင့် လူများတို့သည် နွားသငယ်ကို လုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ၏။

33

33:1b.EXO.033.001 တဖန်ထာဝရဘုရားက၊ သင်မှစ၍ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သောလူတို့၊ ဤအရပ်မှ ထွက်၍ သင်၏ အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၌ ငါကျိန်ဆိုသော ပြည်သို့သွားကြလော့။

33:2b.EXO.033.002 ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ ငါစေလွှတ်၍၊ သူသည်ခါနနိလူ၊ အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို နျင်ထုတ်၍၊

33:3b.EXO.033.003 နို့နှင့် ပျားရည်စီးသော ပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့် အတူ ငါကိုယ်တိုင် မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်သောကြောင့်၊ လမ်း၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ၏။

33:4b.EXO.033.004 ထို မကောင်းသော သိတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ၏။

33:5b.EXO.033.005 အကြောင်းမူကား၊ ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် လည်ပင်းခိုင်မာသော အမျိုးဖြစ်ကြ၏။ သင်တို့အလယ်၌ ချက်ချင်း ငါပေါ်လာ၍ ဖျက်ဆီးမည်။ ထို့ကြောင့် သင်တို့၌ အဘယ်သို့ ငါပြုရမည်ကို ငါသိခြင်းငှါ၊ သင်တို့တန်ဆာများကို ချွတ်ကြလော့ ဟု မောရှေအား မိန့်တော်မူနှင့်သတည်း။

33:6b.EXO.033.006 ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း၌ မိမိတို့တန်ဆာများကိုချွတ်ကြ၏။

33:7b.EXO.033.007 မောရှေသည် တဲတော်ကို ယူ၍ တပ်ပြင်၌ ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ် စသည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူ အပေါင်းတို့သည် တပ်ပြင်၌ ရှိသော ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ၏။

33:8b.EXO.033.008 မောရှေသည် တဲတော်သို့ ထွက်သွားသောအခါ၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည် တိုင်အောင် ကြည့်ရှုလျက်နေကြ၏။

33:9b.EXO.033.009 မောရှေသည်တဲတော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင် ဆင်းသက်၍ တဲတော်တံခါးဝ၌ ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။

33:10b.EXO.033.010 တဲတော်တံခါးဝ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကို မြင်လျှင်၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ ကိုးကွယ်ကြ၏။

33:11b.EXO.033.011 ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည် နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင် ၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သော လုလင်သည်၊ တဲတော်မထွက်ဘဲ နေ၏။

33:12b.EXO.033.012 မောရှေကလည်း၊ ဤလူတို့ကို ပို့ဆောင်လော့ဟု ကိုယ်တော်မိန့်တော်မူသည်တွင် အကျွန်ုပ်နှင့်အတူ အဘယ်သူကို စေလွှတ်တော်မူသည်ကို အကျွန်ုပ်မသိရ။ သို့သော်လည်း ကိုယ်တော်က သင့်ကို သင်၏နာမဖြင့် ငါသိ၏။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ။

33:13b.EXO.033.013 သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည် အကြောင်း၊ ကိုယ်တော်၏လမ်းကိုပြတော်မူပါ။ ဤလူမျိုးသည် ကိုယ်တော်၏လူဖြစ်ကြောင်းကို ဆင်ခြင်တော် မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား လျှောက်ဆို၏။

33:14b.EXO.033.014 ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်ဟု မိန့်တော်မူ၏။

33:15b.EXO.033.015 တဖန်မောရှေက၊ ကိုယ်တော်တိုင် မသွားလျှင် အကျွန်ုပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။

33:16b.EXO.033.016 အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌ မျက်နှာရသောအကြောင်းသည် အဘယ်သို့ ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည် မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆို လျှင်၊ -

33:17b.EXO.033.017 ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကို သင်၏နာမဖြင့် ငါသိ၏ဟု မောရှေအား မိန့်တော်မူ၏။

33:18b.EXO.033.018 တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊

33:19b.EXO.033.019 ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရ ဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူး ပြုမည်။ သနားလိုသောသူကိုလည်းသနားမည်။

33:20b.EXO.033.020 သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊

33:21b.EXO.033.021 ငါ့အနားမှာ နေရာတခုရှိ၏။ သင်သည်ကျောက်ပေါ်မှာ ရပ်ရမည်။

33:22b.EXO.033.022 ငါ့ဘုန်းရှောက်သွားသောအခါ၊ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့်ကို ငါ့လက်နှင့် ဖုံးအုပ်မည်။

33:23b.EXO.033.023 ငါလက်ကို သိမ်းရုပ်သောအခါ၊ ငါ့ကျောကိုသာ မြင်ရမည်၊ ငါ့မျက်နှာကိုမမြင်ရဟူ၍၎င်း မိန့်တော် မူ၏။

34

34:1b.EXO.034.001 တဖန် ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။

34:2b.EXO.034.002 နက်ဖြန်နံနက်သင်သည် အသင့်နေလျက်၊ သိနာတောင်ပေါ်သို့ တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကို ပြလော့။

34:3b.EXO.034.003 သင်နှင့်အတူ အဘယ်သူမျှ မတက်ရ။ တောင်တပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း ၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။

34:4b.EXO.034.004 ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။

34:5b.EXO.034.005 ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရ ဘုရား၏နာမတော်ကို ကြွေးကြော်တော်မူ၏။

34:6b.EXO.034.006 ထာဝရဘုရားသည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနား ခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊

34:7b.EXO.034.007 အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။

34:8b.EXO.034.008 မောရှေသည် အလျင်အမြန် ဦးညွှတ်ချ၍ ကိုးကွယ်လျက်။

34:9b.EXO.034.009 အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင်၊

34:10b.EXO.034.010 ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာ လူမျိုး၌ မပြုစဖူးသော အံ့ဘွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်ကြောင်းကို သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။

34:11b.EXO.034.011 ယနေ့ငါမှာထားသော စကားကို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို ငါနှင်ထုတ်မည်။

34:12b.EXO.034.012 သင်သည် ယခုသွားသော ပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌ တိုက်မိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ၊ ကိုယ်ကိုကိုယ်သတိပြုလော့။

34:13b.EXO.034.013 သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့ အာရှရပင် များကို ခုတ်လှဲရမည်။

34:14b.EXO.034.014 အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။

34:15b.EXO.034.015 သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယ ဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကို ပြ၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကို ခေါ်၍သင်သည် ထိုယဇ်ကောင်ကို စားမည်ဟူ၍ ၎င်း၊

34:16b.EXO.034.016 သင်သည် သူတို့ သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကို ပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။

34:17b.EXO.034.017 သင်သည် ကိုယ်အဘို့ သွန်းသော ဘုရားတို့ကို မလုပ်ရ။

34:18b.EXO.034.018 သင်သည် အဗိဗလ၌ အဲဂုတ္တုပြည်မှ ထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စား၍ အဇုမပွဲကို ခံရမည်။

34:19b.EXO.034.019 သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။

34:20b.EXO.034.020 မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကို ချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။

34:21b.EXO.034.021 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေရမည်။ လယ်လုပ်ရာ ကာလ၊ အသီးအနှံသိမ်းရာကာဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေရမည်။

34:22b.EXO.034.022 ဂျုံစပါးကို သိမ်းစရှိသည်ကာလခုနစ်သိတင်းပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်း ခံရမည်။

34:23b.EXO.034.023 သင်တို့ အမျိုးသား ယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရား သခင့်ရှေ့တော်၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။

34:24b.EXO.034.024 တပါးအမျိုးသားများကို သင်တို့ရှေ့က ငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည်။ သင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တနှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှ မတပ်မက်ရ။

34:25b.EXO.034.025 ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့် ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင် မကြွင်းစေရ။

34:26b.EXO.034.026 သင်၏မြေ၌ အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။

34:27b.EXO.034.027 ဤစကားများကို ရေးထားလော့။ ဤစကားများလာသည် အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအား မိန့်တော်မူ၏။

34:28b.EXO.034.028 ထိုအရပ်မှာ မောရှေသည် အစာကို မစား၊ ရေကို မသောက်ဘဲ။ အရက်လေးဆယ်ပတ်လုံး ထာဝရ ဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော် မူ၏။

34:29b.EXO.034.029 မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေ ထွန်းပကြောင်းကို မိမိမသိ။

34:30b.EXO.034.030 အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကို မြင်သောအခါ၊ သူ၏မျက်နှာ အရေထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။

34:31b.EXO.034.031 မောရှေသည် သူတို့ကို ခေါ်၍၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင်၊ မောရှေသည် နှုတ်ဆက်လေ၏။

34:32b.EXO.034.032 ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင်၊ သိနာတောင်ပေါ်မှာ ထာဝရ ဘုရားမိန့်တော်မူသမျှတို့ကို သူတို့အား ဆင့်ဆိုလေ၏။

34:33b.EXO.034.033 မောရှေသည် သူတို့အား ဟောပြော၍ မပြီးမှီ မိမိမျက်နှာကို ဖုံးအုပ်လေ၏။

34:34b.EXO.034.034 ထာဝရဘုရားရှေ့တော်သို့ ဝင်၍လျှောက်သောအခါ၊ မထွက်မှီတိုင်အောင် မျက်နှာဖုံးကို ချွတ်ထား၏။ တဖန် ထွက်၍ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို၏။

34:35b.EXO.034.035 သူ၏မျက်နှာအရေ ထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင်၊ တဖန် အထဲသို့ ဝင်၍ မလျှောက်မှီတိုင်အောင် မိမိမျက်နှာကို ဖုံးအုပ်ပြန်၏။

35

35:1b.EXO.035.001 မောရှေသည်၊ ဣသရေလအမျိုးပရိသတ်အပေါင်းကို စည်းဝေးစေ၍၊ ထာဝရဘုရား မိန့်တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊

35:2b.EXO.035.002 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား အသေခံရမည်။

35:3b.EXO.035.003 သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကို မမွေးရဟု ဆင့်ဆို၏။

35:4b.EXO.035.004 တဖန် မောရှေသည်၊ ဣသရေလအမျိုးသားပရိသတ်အလယ်၌ ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုသည်ကား၊

35:5b.EXO.035.005 သင်တို့တွင် ထာဝရဘုရားအား လှူသော အလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသော သူတို့သည်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊

35:6b.EXO.035.006 ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊

35:7b.EXO.035.007 အနီဆုံးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊

35:8b.EXO.035.008 လိမ်းရန် ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်း မွှေးဘော်ဘို့ရာ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊

35:9b.EXO.035.009 ရဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရား အား လှူသောအလှူကို ဆောင်ခဲ့ကြလော့။

35:10b.EXO.035.010 သင်တို့တွင် လိမ္မာသော သူရှိသမျှတို့သည်လာ၍၊

35:11b.EXO.035.011 တဲတော်နှင့်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တို့ကို၎င်း၊

35:12b.EXO.035.012 သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သေတ္တာအဖုံး၊ ကာရသော ကုလားကာကို၎င်း၊

35:13b.EXO.035.013 စားပွဲနှင့် သူ၏ထမင်းဘိုး၊ သူ၏တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို၎င်း၊

35:14b.EXO.035.014 မီးထွန်းစရာဘို့ မီးခုံနှင့် သူ၏တန်ဆာ၊ မီးခွက်များ၊ မီးထွန်းစရာဆီကို၎င်း၊

35:15b.EXO.035.015 နံ့သာပေါင်းရှို့သော ပလ္လင်နှင့် သူ၏ထမ်းဘိုး၊ လိမ်းရန်ဆီ၊ မွှေးသော နံ့သာပေါင်း၊ တဲတော်တံခါးဝ ကာရန် ကုလားကာကို၎င်း၊

35:16b.EXO.035.016 မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်နှင့် ကြေးဝါဆန်ခါ၊ ထမ်းဘိုး၊ တန်ဆာရှိသမျှ၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊

35:17b.EXO.035.017 တဲတော်ဝင်းကုလားကာ၊ တိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကို၎င်း၊

35:18b.EXO.035.018 တဲတော်တံသင်၊ ဝင်းတံသင် ကြိုးများကို၎င်း၊

35:19b.EXO.035.019 သန့်ရှင်းရာဌာန၌ အမှုတော်ကို ထမ်းစရာအဝတ် ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နျင့် သူ၏သား ဝတ်၍ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားမှာထားတော်မူသမျှ အတိုင်း လုပ်ရကြမည်ဟု ဆင့်ဆို၏။

35:20b.EXO.035.020 ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေထံမှ ထွက်သွားကြ၍၊

35:21b.EXO.035.021 မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်လုပ်ဘို့၎င်း၊ အမှုတော်ထမ်းစရာဘို့၎င်း၊ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားအား လှူသောအလှူကို ဆော်လျက် လာကြ၏။

35:22b.EXO.035.022 ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအား ရွှေကို လှူကြ၏။

35:23b.EXO.035.023 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေရှိသော သူတိုင်းဆောင်ခဲ့၏။

35:24b.EXO.035.024 ငွေနှင့် ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ်လုပ်စရာဘို့ အကာရှသစ်သားရှိသော သူတိုင်းလည်း ဆောင်ခဲ့လေ၏။

35:25b.EXO.035.025 ရက်ကန်းတတ်သော မိန်းမအပေါင်းတို့လည်း၊ ကိုယ်လက်နှင့်ရက်၍၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ၏။

35:26b.EXO.035.026 မိမိဥာဏ်နှိုးဆော်သော မိန်းမအပေါင်းတို့သည် ဆိတ်မွေးကို ရက်ကြ၏။

35:27b.EXO.035.027 သူကြီးတို့သည်လည်း၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်ကို၎င်း၊

35:28b.EXO.035.028 မီးထွန်းစရာဘို့ လိမ်းရန် ဆီဘော်ဘို့ မီးရှို့ရာ နံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုးနှင့် ဆီကို၎င်း ဆောင်ခဲ့ကြ၏။

35:29b.EXO.035.029 ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသော အလုပ်အမျိုးမျိုးရှိသမျှအဘို့၊ ဣသရေလအမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ်နှိုးဆော်သော ယောက်ျားမိန်းမအပေါင်းတို့သည်၊ ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူကြ၏။

35:30b.EXO.035.030 တဖန် မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကို အမည်ဖြင့် ခန့်ထားတော်မူပြီ။

35:31b.EXO.035.031 သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်။

35:32b.EXO.035.032 ကျောက်ကို သွေး၍ စီသော အတတ်၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊

35:33b.EXO.035.033 ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကို ပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။

35:34b.EXO.035.034 သူနှင့် ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘသည်၊ သူတပါးအား အတတ်သင်ပေးနိုင် မည်အကြောင်း၊ ဥာဏ်ကို ပေးတော်မူပြီ။

35:35b.EXO.035.035 ထိုသူတို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သော သူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ် အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည် အကြောင်း၊ ဥာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။

36

36:1b.EXO.036.001 ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဥာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။

36:2b.EXO.036.002 တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရားပေးတော်မူသော ဥာဏ် သဘောကို ရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကို၎င်း ခေါ်ပြီးလျှင်၊

36:3b.EXO.036.003 သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်း ထပ်၍ ဆောင်ခဲ့ကြသေး၏။

36:4b.EXO.036.004 ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီး မိမိလုပ်ရာမှ၊

36:5b.EXO.036.005 မောရှေထံသို့ လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ ဆောင်ခဲ့ကြ ပါပြီဟု ကြားပြောလျှင်၊

36:6b.EXO.036.006 မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့ လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့် ဟု စီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။

36:7b.EXO.036.007 ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။

36:8b.EXO.036.008 သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။

36:9b.EXO.036.009 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။

36:10b.EXO.036.010 ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။

36:11b.EXO.036.011 ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။

36:12b.EXO.036.012 ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို ၎င်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။

36:13b.EXO.036.013 ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ၏။

36:14b.EXO.036.014 တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။

36:15b.EXO.036.015 ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ၏။

36:16b.EXO.036.016 ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်း ချုပ်လေ၏။

36:17b.EXO.036.017 ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။

36:18b.EXO.036.018 ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။

36:19b.EXO.036.019 အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။

36:20b.EXO.036.020 တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။

36:21b.EXO.036.021 ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။

36:22b.EXO.036.022 ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။

36:23b.EXO.036.023 တဲတော်တောင်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊

36:24b.EXO.036.024 ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ၏။

36:25b.EXO.036.025 ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊

36:26b.EXO.036.026 ထိုပျဉ်ပြား၌လည်း ငွေခြေစွပ် လေးဆယ်၊ တပြားနှစ်ခုစီ လုပ်လေ၏။

36:27b.EXO.036.027 တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊

36:28b.EXO.036.028 ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြား နှစ်ပြားကို၎င်း လုပ်လေ၏။

36:29b.EXO.036.029 အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။

36:30b.EXO.036.030 ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။

36:31b.EXO.036.031 တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို၊ တဘက်ငါးချောင်းစီ လုပ်လေ၏။

36:32b.EXO.036.032 တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ၏။

36:33b.EXO.036.033 အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ ဆုံးစေ၏။

36:34b.EXO.036.034 ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။

36:35b.EXO.036.035 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊

36:36b.EXO.036.036 ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။

36:37b.EXO.036.037 တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသော အထည် ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊

36:38b.EXO.036.038 ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်း လုပ်၍၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။

37

37:1b.EXO.037.001 တဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာပေါ်နား ပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ၏။

37:3b.EXO.037.003 ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာနှစ်ကွင်းစီတပ်လေ၏။

37:4b.EXO.037.004 အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊

37:5b.EXO.037.005 သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်း၌ လျှိုထားလေ၏။

37:6b.EXO.037.006 အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ ရှိသော သေတ္တာအဖုံးကိုလည်း၊ ရွှေစင်နှင့်လုပ်လေ၏။

37:7b.EXO.037.007 ရွှေခေရုဗိမ်နှစ်ပါးကိုလည်း၊ သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်လေ၏။

37:8b.EXO.037.008 ထိုသို့ ခေရုဗိမ်နှစ်ပါးကို၊ သေတ္တာဖုံးကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊

37:9b.EXO.037.009 ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးလျက် ရှိ၏။

37:10b.EXO.037.010 အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊

37:11b.EXO.037.011 ရွှေစင်နှင့် မွမ်းမံလေ၏။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊

37:12b.EXO.037.012 အနံတလက်ဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်လေ၏။

37:13b.EXO.037.013 ရွှေလေးကွင်းကိုလည်း သွန်း၍ ခြေထောက်လေးခုအထက်၊ စားပွဲလေးထောင့်၌ တပ်လေ၏။

37:14b.EXO.037.014 ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်၏။

37:15b.EXO.037.015 စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့် မွမ်းမံလေ၏။

37:16b.EXO.037.016 စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။

37:17b.EXO.037.017 မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ၏။

37:18b.EXO.037.018 မီးခုံတိုင် တဘက် တချက် သုံးလက်စီ ထွက်၍၊ အလက်ခြောက်လက်ရှိ၏။

37:19b.EXO.037.019 မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိ၏။

37:20b.EXO.037.020 မီးခုံတိုင်၌လည်းဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။

37:21b.EXO.037.021 မီးခုံတိုင်ထဲက ထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိ၏။

37:22b.EXO.037.022 ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်း ဖြစ်စေ၍ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ၏။

37:23b.EXO.037.023 မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ၏။

37:24b.EXO.037.024 မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တဆယ်နှင့် လုပ်သတည်း။

37:25b.EXO.037.025 တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍ အမြင့်နှစ်တောင်ရှိလေ၏။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေ၏။

37:26b.EXO.037.026 ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။

37:27b.EXO.037.027 ရွှေတန်ဆာအောက် ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ပလ္လင်ထမ်းစာရာ ထမ်းဘိုးနေရာဖြစ်၏။

37:28b.EXO.037.028 ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံလေ၏။

37:29b.EXO.037.029 ဆေးသမားအတတ်နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကို ၎င်း၊ နံ့သာမျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာပေါင်းစင်ကို၎င်း လုပ်လေ၏။

38

38:1b.EXO.038.001 တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာ ယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ၏။ အမြင့်လည်း သုံးတောင်ရှိ၏။

38:2b.EXO.038.002 ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံလေ၏။

38:3b.EXO.038.003 အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။

38:4b.EXO.038.004 ကြေးဝါဆန်ခါကို လုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ်၌ထား၍၊

38:5b.EXO.038.005 ထမ်းဘိုးထားရာ ဆန်ခါလေးထောင့်၌ တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။

38:6b.EXO.038.006 အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊

38:7b.EXO.038.007 ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။

38:8b.EXO.038.008 ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သော မိန်းမတို့၏ ကြေးဝါမှန်များကို ယူ၍ ကြေးဝါ အင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။

38:9b.EXO.038.009 တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင် တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်လေ၏။

38:10b.EXO.038.010 ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ၏။

38:11b.EXO.038.011 ထိုနည်းတူ မြောက်ဘက်၌ ကာရန်အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။

38:12b.EXO.038.012 အနောက်ဘက်၌ ကာရန် အလျားအတောင် ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ် တဆယ်ရှိ၏။

38:13b.EXO.038.013 အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။

38:14b.EXO.038.014 တံခါးဝ တဘက်တချက်၌ ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိ၏။

38:16b.EXO.038.016 ဝင်းပတ်လည်၌ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။

38:17b.EXO.038.017 တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့် မွမ်းမံလေ၏။ ဝင်းတိုင်တန်း ရှိသမျှတို့သည် ငွေတန်းဖြစ်၏။

38:18b.EXO.038.018 ဝင်းတံခါးဝ၌ ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သော ကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသော ကုလားကာနှင့် တညီတည်းဖြစ်၏။

38:19b.EXO.038.019 ဝင်းတံခါးဝတိုင် လေးခုရှိ၍၊ ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသော ထိပ်များနှင့် ပြည့်စုံကြ၏။

38:20b.EXO.038.020 တဲတော်တံသင်ဝင်းပတ်လည်၌ စိုက်သော တံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ၏။

38:21b.EXO.038.021 ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာ တဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။

38:22b.EXO.038.022 မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သား ဖြစ်သော၊ ဥရိ၏ သားဗေဇလေလသည် လုပ်လေ၏။

38:23b.EXO.038.023 ထိုမှတပါး၊ ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကို လုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘလည်းရှိ၏။

38:24b.EXO.038.024 သန့်ရှင်းရာ ဌာနတော်ပြီးအောင်လှူ၍ လုပ်သော ရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း။

38:25b.EXO.038.025 စာရင်းဝင်သော ပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တထောင်နှင့် တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။

38:26b.EXO.038.026 အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တဝက်စီ ပေးရကြ၏။

38:27b.EXO.038.027 ခြေစွပ်တခု၌ ငွေအခွက်တဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တထောင်နှင့် တဲတော် ခြေစွပ်၊ အတွင်းကုလားကာ ခြေစွပ်တည်းဟူသော ခြေစွပ် တရာကို သွန်းလေ၏။

38:28b.EXO.038.028 ကျန်သောငွေအခွက်တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကို လုပ်၍ တိုင်ထိပ်များကို မွမ်းမံလေ၏။

38:29b.EXO.038.029 လှူသော ကြေးဝါပေါင်းကား အခွက်ခုနစ်ရာနှစ်ဆယ်နှင့် လေးပိဿာဖြစ်သတည်း။

38:30b.EXO.038.030 ထိုကြေးဝါနှင့် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝခြေစွပ်၊ ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊

38:31b.EXO.038.031 ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌ စိုက်သော တံသင်ရှိသမျှ ကို၎င်း လုပ်လေ၏။

39

39:1b.EXO.039.001 သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကို၎င်း၊ အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။

39:2b.EXO.039.002 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ် သင်တိုင်းကို လုပ်ရာတွင်၊

39:3b.EXO.039.003 ရွှေကို အပြားခတ်၍ ရွှေကြိုးကို လှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာ အပြောက်ထိုးလေ၏။

39:4b.EXO.039.004 သိုင်းကြိုးနှစ်ပင်ကို လုပ်၍ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်လေ၏။

39:5b.EXO.039.005 ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်၎င်း လုပ်လေ၏။

39:6b.EXO.039.006 ရှဟံကျောက်နှစ်လုံးကို သွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏ နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။

39:7b.EXO.039.007 ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို အောက်မေ့ဘို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။

39:8b.EXO.039.008 ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ရင်ဖုံးကို ထူးဆန်းစွာ လုပ်လေ၏။

39:9b.EXO.039.009 ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။

39:10b.EXO.039.010 ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်း စီလေ၏။ ပဌမ အတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။

39:11b.EXO.039.011 ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။

39:12b.EXO.039.012 တတိယအတန်းကား ဝှါကိနသု၊ မဟူရာ၊ ဂေါမိတ်။

39:13b.EXO.039.013 စတုတ္ထအတန်းကား မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီလေ၏။

39:14b.EXO.039.014 ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထိုကျောက်တို့၌ ထိုတဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီပါ၏။

39:15b.EXO.039.015 ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်း ကျစ်သော ရွှေကြိုး နှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေကွင်း၌ တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲလေ၏။

39:19b.EXO.039.019 တဖန် ရွှေနှစ်ကွင်းကို လုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု၌ တပ်လေ၏။

39:20b.EXO.039.020 အခြားသောရွှေနှစ်ကွင်းကိုလည်း လုပ်၍ သင်တိုင်းအရှေ့ဘက်အောက်နားနှင့် ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မှီရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ်လေ၏။

39:21b.EXO.039.021 ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့် တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသော ရင်စည်းအပေါ်မှာ ဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။

39:22b.EXO.039.022 ထိုမှတပါး၊ ပြာသောအထည်ကို ရက်ပြီးမှ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ၏။

39:23b.EXO.039.023 ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။

39:24b.EXO.039.024 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကို၎င်း၊

39:25b.EXO.039.025 ရွှေစင်ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊

39:26b.EXO.039.026 သလဲသီးတလုံး၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်း ဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသော ဝတ်လုံးကို လုပ်၍ပြီးလေ၏။

39:27b.EXO.039.027 တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဘို့ ရက်သော ပိတ်ချောအင်္ကျီများကို၎င်း၊

39:28b.EXO.039.028 ပိတ်ချောဗေါင်းကို၎င်း၊ တင့်တယ်သောပိတ်ချောဦးထုပ်များကို၎င်း၊ ပိတ်ချောပေါင်းဘီများကို၎င်း၊

39:29b.EXO.039.029 ချယ်လှယ်သော ပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို၎င်း လုပ်လေ၏။

39:30b.EXO.039.030 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ်၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟု အက္ခရာတင်၍၊

39:31b.EXO.039.031 ပြာသောကြိုးနှင့် ဗေါင်းအပေါ်နား၌ ချည်ထားလေ၏။

39:32b.EXO.039.032 ထိုသို့ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြု၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ၏။

39:33b.EXO.039.033 ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲတော်နှင့် အပေါ်တဲမှစ၍၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တည်းဟူသော တဲတော်တန်ဆာရှိသမျှကို၎င်း၊

39:34b.EXO.039.034 အနီဆိုးသော သိုးရေအမိုး၊ တဟာရှသားရေအမိုး၊ ကွယ်ကာရာအတွင်းကုလားကာကို၎င်း၊

39:35b.EXO.039.035 သက်သေခံချက်သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သူ၏အဖုံးကို၎င်း၊

39:36b.EXO.039.036 စားပွဲမှစ၍ စားပွဲတန်ဆာနှင့် ရှေ့တော်မုန့်ကို၎င်း၊

39:37b.EXO.039.037 စင်ကြယ်သော မီးခုံမှစ၍၊ ပြင်ဆင်ရသော မီးခွက်များ၊ မီးခုံတန်ဆာ ရှိသမျှနှင့် မီးထွန်းစရာ ဆီကို၎င်း၊

39:38b.EXO.039.038 ရွှေယဇ်ပလ္လင်၊ လိမ်းရန်ဆီ၊ မီးရှို့ရာနံ့သာပေါင်းမွှေး၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကို၎င်း၊

39:39b.EXO.039.039 ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်းဘိုး အစရှိသော တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် သူ၏ခြေထောက်ကို၎င်း၊

39:40b.EXO.039.040 ဝင်းကုလားကာ၊ ဝင်းတိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကြိုးများ၊ တံသင်များကို၎င်း၊ တဲတော်အတွင်း၌ အမှုတော်ကို ဆောင်စရာတန်ဆာ၊ ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှကို၎င်း၊

39:41b.EXO.039.041 သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်၊ သူ၏သားဝတ်ရသော အဝတ်ကို၎င်း

39:42b.EXO.039.042 ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ ဆောင်ခဲ့ကြ၏။

39:43b.EXO.039.043 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှါ၊ လုပ်ကြောင်းကို မောရှေ သိမြင်သောအခါ၊ သူတို့ကို ကောင်းကြီးပေးလေ၏။

40

40:1b.EXO.040.001 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊

40:2b.EXO.040.002 သင်သည် ပဌမလ၊ ပဌမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကို ဆောက်ရမည်။

40:3b.EXO.040.003 တဲတော်အထဲ၌၊ သက်သေခံချက် သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။

40:4b.EXO.040.004 စားပွဲကိုလည်း သွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်း သွင်း၍၊ မီးခွက်တို့ကို ထွန်းရမည်။

40:5b.EXO.040.005 နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌ တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။

40:6b.EXO.040.006 ယဇ်ကောင်ရှို့ရာ ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။

40:7b.EXO.040.007 အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင် စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ ရေကို ထည့်ရမည်။

40:8b.EXO.040.008 တဲတော်ပတ်လည်ဝင်းကို ထူ၍၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။

40:9b.EXO.040.009 လိမ်းရန် ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်းရလိမ့်မည်။

40:10b.EXO.040.010 ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန် သန့်ရှင်းသော ပလ္လင်ဖြစ်ရမည်။

40:11b.EXO.040.011 အင်တုံနှင့် ခြေထောက်ကိုလည်း လိမ်း၍ သန့်ရှင်းစေရမည်။

40:12b.EXO.040.012 အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။

40:13b.EXO.040.013 အာရုန်သည် ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။

40:14b.EXO.040.014 သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကို ဆီလိမ်းရမည်။

40:15b.EXO.040.015 အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ် အရာဖြစ်သတည်းဟု၊

40:16b.EXO.040.016 ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။

40:17b.EXO.040.017 သက္ကရာဇ်နှစ်ခု၊ ပဌမလ၊ ပဌမနေ့၌ မောရှေသည် တဲတော်ကို ဆောက်လေ၏။

40:18b.EXO.040.018 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကို နေရာချ၍၊ ပျဉ်ပြားများကို ထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကို လျှို၍၊ တိုင်တို့ကို ထူလေ၏။

40:19b.EXO.040.019 တဲတော်အပေါ်မှာ တဲကို ဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ၏။

40:20b.EXO.040.020 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊

40:21b.EXO.040.021 သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။

40:22b.EXO.040.022 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာ ထား၍၊

40:23b.EXO.040.023 စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။

40:24b.EXO.040.024 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင် ထား၍၊

40:25b.EXO.040.025 ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ထွန်းလေ၏။

40:26b.EXO.040.026 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာ ထား၍၊

40:27b.EXO.040.027 ထိုပလ္လင်ပေါ်၌ မွှေးသော နံ့သာပေါင်းကို မီးရှို့လေ၏။

40:28b.EXO.040.028 တဲတော်တံခါးဝ၌လည်း၊ ကုလားကာကို ဆွဲကာလေ၏။

40:29b.EXO.040.029 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ ထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာ ယဇ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာကို၎င်း ပူဇော်လေ၏။

40:30b.EXO.040.030 အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြား မှာထား၍၊ ဆေးစရာရေကို အင်တုံ၌ ထည့်လေ၏။

40:31b.EXO.040.031 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော်၎င်း၊

40:32b.EXO.040.032 ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်၎င်း၊ လက်ခြေတို့ကို ဆေးရကြ၏။

40:33b.EXO.040.033 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ ကာသော ကုလားကာကို ဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကို ပြီးစီးစေသတည်း။

40:34b.EXO.040.034 ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။

40:35b.EXO.040.035 ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။

40:36b.EXO.040.036 ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။

40:37b.EXO.040.037 မိုဃ်းတိမ်မကွာ မမြောက်လျှင်၊ မကွာမမြောက်မှီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။

40:38b.EXO.040.038 ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ၏။ ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။


Holder of rights
Multilingual Bible Corpus

Citation Suggestion for this Object
TextGrid Repository (2025). Myanmar Collection. Exodus (Myanmar). Exodus (Myanmar). Multilingual Parallel Bible Corpus. Multilingual Bible Corpus. https://hdl.handle.net/21.11113/0000-0016-AA59-5