1
အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထား ပြီးမှ၊
အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေး ထားပါပြီ။
အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။
ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိ ကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။
ဂတိတော်အချက်ဟူမူကား၊ ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။
ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလ အမျိုးသား တို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊
သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့် သည် သင်တို့၌မရှိ။
ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော် မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ၏။
ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ၍၊
အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ ဟုပြောဆို၏။
ထိုအခါ ယေရုရှလင်မြို့နှင့်ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။
ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့တက်ကြ၏။
ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီ တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။
ထိုအခါအရေအတွက်အားဖြင့် တရာနှစ်ဆယ်သောတပည့်တော်တို့၏အလယ်၌ ပေတရုသည်ထ၍၊
ညီအစ်ကိုတို့၊ ယေရှုကိုဘမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။
ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကိုခံရပြီ။
ထိုသူသည် မတရားသောအမှုအတွက်ဖြင့်ရသောအခနှင့် မြေတကွက်ကိုဝယ်ပြီးမှ၊ မှောက်လျက်ကျ လဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ။
ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိတို့ဘာသာအားဖြင့် ထို မြေကို အကေလဒဟုခေါ်တွင်ကြ၏။ အနက်ကားသွေးမြေဟု ဆိုလိုသတည်း။
ဆာလံကျမ်းစာ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ်ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ သူ၏အရာကိုလည်းအခြားသူရပါစေဟု ရေးမှတ်သတည်း။
ထိုကြောင့် ဟောဟန်သည် ဗတ္တိဇံကို ပေးသည်ကာလမှစ၍၊
သခင်ယေရှုသည် ငါတို့နှင့်ခွါ၍အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက်တိုင်အောင်၊ တပည့် တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသောကာလပတ်လုံး ငါတို့နှင့်ပေါင်းဘော်၍နေသောသူတစုံတ ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကိုဟောပြော၍ ငါတို့နှင့်အတူသက်သေခံဖြစ် ရမည် ဟု ပေတရုပြောဆို၏။
ဗာရှဗဟု ခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့်မဿိကိုခန့်ထား၍၊
ဤသို့ဆုတောင်းကြ၏။
လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသောသခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေ ခြင်းငှါ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊
စာရေးတံချကြသဖြင့် မဿိသည်စာရေးတံကိုရ၍၊ တကျိပ်တပါးသောတမန်တော်တို့နှင့် ရေတွက်ဝင် ခြင်းသို့ရောက်လေ၏။
2
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏
ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။
ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။
ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။
ထိုကာလအခါ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့ သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။
ထိုအသံကိုကြားရသာအခါ၊ လူများတို့သည်စုဝေးလာကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကိုကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။
ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။
သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း။
ပါသိပြည်မှစ၍မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကုပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊
ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသော သူ၊ ရောမမြို့မှလာသောဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊
ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူများသည် ဘုရား သခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
ထိုလူအပေါင်းတို့သည် မိန်းမော တွေးတောသောစိတ်ရှိသည်နှင့်၊ ဤအမှုအရာသည်အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက်ပြောဆိုကြ၏။
လူအချို့တို့က၊ ဤသူတို့သည်ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သော အသံနှင့်ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့်ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကိုစေ့စေ့နာခံကြလော့။
ယခုအချိန်ကားနံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။
ဤအရာကားပရောဖက်ယောလဟောဘူးသောအရာ ဖြစ်သတည်း။
ဟောဘူးအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း မည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကိုမြင်မက်ရ ကြလိမ့်မည်။
ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါ သွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ်မြေကြီးပေါ်၌သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။
ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။
ထိုအခါထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။
ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ်၍၊
ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသော သူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။
ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ထမြောက်စေတော်မူပြီ။
ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။
ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
အကြောင်းမူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော် ၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော် မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူ လိမ့်မည်။
မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူ လိမ့် မည်ဟုဒါဝိဒ်ဆိုသတည်း။
ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။
ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိ ပလ္လင်ပေါ်မှာတင်တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ၍၊
ခရစ်တော်၏ထမြောက်ခြင်းအကြောင်းကိုရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။
ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။
ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော်နှင့် ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွန်း လောင်းတော်မူ၏။
ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊
သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ် စကားရှိ၏။
ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကိုဘုရားသခင်သည် ခရစ်တော်၌ ၎င်း၊ အစိုးရသောအရှင်အရာ၌၎င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။
ထိုသိုတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။
ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။
အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီးတို့နှင့်၎င်း၊ ဝေးသော သူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။
ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။
ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။
ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။
လူအပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။
ယုံကြည်သော သူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။
မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင်၊ လူများ ဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေဌခြင်းကို ပြုကြ၏။
ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့ လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ၏။
ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။
3
ထိုအခါပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတယောက်ကို သူတပါးတို့သည်ထမ်းလျက်လာကြ၏။ ဗိမာန် တော်သို့ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။
ထိုအခါပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊
ထိုသူသည်တစုံတခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကိုသင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊
သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏခြင်းတွင်၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကို ရသဖြင့်၊
ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊
ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကိုအံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊
ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေးကြ၏။
ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည်ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။
အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိ သားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။
သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊
အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။
ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။
ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။
ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြ တော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။
ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊
သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်း ကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။
ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ပေါ်ထွန်းတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။
အကြင်သူသည် ထိုပရောဖက်၏စကားကိုနားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။
ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောညွှန်ကြပြီ။
သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။
သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူရှိမျှတို့အား ကောင်းကြီးမင်္ဂလာကို ပေးစေ ခြင်းငှါ ဘုရားသခင်မိမိသားတော် ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။
4
ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲများတို့သည်လာကြသဖြင့်၊
တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့်၊
တမန်တော်တို့ကိုဘမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။
တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါးထောင်မျှ လောက်ရှိကြ၏။
နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊
ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိမျှ တို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊
တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။
ထိုအခါပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ လူများကို အစိုးရသောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲတို့၊
အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည်ယနေ့အစစ်ခံရလျှင်၊
သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက် ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။
ထိုသခင်ကား၊ သင်တို့သည်တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။
ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့် ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍၎င်း၊
အနာကင်းလွတ်သော သူသည် ထိုသူတို့နှင့် အတူ ရှိနေသည်ကို မြင်၍၎င်း၊ ငြင်းခုံဆိုဘွယ်ရာ မရှိမတွေ့ကြ။
တမန်တော်တို့ကိုလွှတ်တော်မှ ထွက်သွား စေပြီး လျှင်၊ ဤသူတို့ ကို အဘယ်သို့ပြုရမည်နည်း။
သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသော သူအပေါင်း တို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။
သို့သော်လည်း လူများအထဲ၌သာ၍ မနှံ့မပြား စေခြင်းငှါ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့် ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အချင်းချင်းတိုင် ပင်ပြီးမှ၊
တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏ နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့် ဟု အမိန့်ရှိကြ၏။
ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော် ကိုနားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြ လော့။
ငါတို့သည်ကြားလျက်၊ မြင်လျက်ရှိသောအရာ တို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။
ထိုအခါတမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့် သော အကြောင်းကို မတွေ့သဖြင့် တဖန် ခြိမ်းချောက် ပြီးလျှင်လွှတ်ကြ၏။
အကြောင်းမူကား၊ အနာကင်းခြင်း နိမိတ် လက္ခဏာကို ခံရသော သူသည် အသက်လေးဆယ်ကျော် ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် ထိုအမှုကို ထောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
တမန်တော်တို့သည် လွတ်သောအခါ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။
ထိုသူများတို့သည်ကြားရလျှင်၊ တညီတညွတ် တည်း ဘုရားသခင့် ထံသို့အသံကိုလွှင့်လျက်၊ အစိုးရတော် မူသေအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ် ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။
လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော် ကျွန်ဒါ ဝိဒ်၏ နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊
ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလ အမျိုးသား၊ တပါး အမျိုးသားတို့သည်၊
ကိုယ်တော်၏ အလိုရှိသည်အတိုင်း၊ ရှေးမဆွ ကလက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိတ်ပေးတော်မူသော သားတော်မြတ် ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍ စည်းဝေးကြပြီ၊ အမှန် ဖြစ်ပါ၏။
အိုထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်း ချောက်ခြင်းကို မှတ်တော်မူပါ။
အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏ နာမ တော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင်၊ ကိုယ်တော်၏ ကျွန်တို့ သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည် အကြောင်း ကယ်မတော် သနားတော်မူပါဟု ဆုတောင်း ကြ၏။
ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ၏။
ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစုံ တခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။
သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ ၍၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။
ထိုသူတို့တွင် ဆင်းရဲသောသူတယောက်မျှမရှိ။ အကြောင်း မူကား၊ အိမ်၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင်၊ ရသောအဘိုးကိုယူဆောင်ခဲ့၍၊
တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေး ကမ်းကြ၏။
ယောသေအမည်ရှိ၍ သက်သာစေခြင်း၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိ လူတယောက်သည်၊
မိမိပိုင်သော မြေကိုရောင်းပြီးလျှင်၊ ရသော ငွေကိုယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။
5
သို့ရာတွင် အာနနိနှင့်ရှိဖိရေ အမည်ရှိသော လင်မယား နှစ်ယောက်တို့မူကား၊ ဥစ္စာတစုံတခုကို ရောင်း ပြီးလျှင်၊
ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဘိုးတဘို့ကို ထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။
ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဘိုး၏တဘို့ကိုထိမ်ဝှက်မည် အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေ ရသနည်း။
ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံ စည်သနည်း။ လူကိုသာ မုသာပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို၏။
ထိုစကားကိုကြားလျှင်၊ အာနနိသည်လဲ၍ သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်း တို့သည် အလွန်ကြောက်လန့်ခြင်း သို့ရောက်ကြ၏။
လုလင်တို့သည်လည်းထ၍ အလောင်းကောင် ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
ထိုနောက်သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။
ပေတရုကလည်း၊ ဤမျှလောက်နှင့်မြေကိုရောင်းသလော၊ ငါ့အားပြောလောဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။
ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ် တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့၏ခြေသည်တံခါးနားမှာ ရှိသည် ဖြစ်၍၊ သင့်ကိုလည်းဆောင်သွားလေဦးမည်ဟု ဆိုသော ခဏခြင်းတွင်၊
ထိုမိန်းမသည် ပေတရု၏ ခြေရင်း၌ လဲ၍ သေလေ၏။ လုလင်တို့ သည်လည်းဝင်၍ ထိုမိန်းမသေ သည်ကိုတွေ့လျှင်၊ ဆောင်သွား၍သူ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ၏။
သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာ ကို ကြားရသော သူအပေါင်းတို့သည် အလွန်ကြောက် လန့်ခြင်းသို့ ရောက်ကြ၏။
တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သော အမှုအရာများကိုပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှေလမုန်ကနားပြင်၌ တညီ တညွတ်တည်း နေကြသဖြင့်၊
ကြွင်းသော သူတစုံတယောက်မျှ မပေါင်းဘော် ဝံ့သော်လည်း၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
သခင်ဘုရား၌ယုံကြည်သော ယောက်ျား၊ မိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။
ပေတရုသည် လမ်း၌ရှောက်သွားစဉ်၊ အနာစွဲ သောသူတို့တွင် တယောက်ယောက်ကို သူ၏အရိပ် လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကိုလမ်းနား သို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာထားကြ၏။
ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသော သူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှ လင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်း လွတ်ခြင်းသို့ရောက်ကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ် သော ထိုမင်း၏ အပေါင်းအဘော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊
တမန်တော်တို့ကိုဘမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားကြ၏။
ညဉ့်အခါထာဝရဘုရား၏ ကောင်းကင်တမန် သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနှုတ်ဆက်၍၊ သင်တို့သွားကြလော့။
ဗိမာန်တော်၌ ရပ်၍ အသက်ရှင်ခြင်း တရား စကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစော ဗိမာန်တော်သို့ဝင်၍ ဆုံးမဩဝါဒပေးကြ၏။
ယဇ်ပုရောဟိတ်မင်းနှင့်သူ၏ အပေါင်းအဘော် တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလူ တို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီး မှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှါ လုလင် တို့ကို ထောင်သို့ စေလွှတ်ကြ၏။
မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန် ကြ၍၊
ထောင်တံခါးလည်းအထူးသဖြင့် လုံခြုံစွာ ပိတ် လျက်၊ ထောင်ကို စောင့်သော သူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ပါ၏။ ဖွင့်ပြီးမှအထဲ၌အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက် ကြ၏။
ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစ ရှိသော ယဇ်ပုရော ဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့ သောအမှုဖြစ်လိမ့် မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။
ထိုအခါလူတယောက်သည်လာ၍ ထောင်ထဲမှာ လှောင်ထား သောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက် လေ၏။
ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့် အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲ နှင့်ပစ်မည်ကိုစိုးရိမ်သော ကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။
ထိုသို့ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊
ထိုနာမကို အမှီပြု၍မဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင် မှာထားသည်မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင် မြို့ကို သင်တို့အယူဝါဒနှင့် ပြည့် စသည်ဖြစ်၍၊ ငါတို့ အပေါ်သို့ ထိုသူ၏အသွေးကိုရောက်စေခြင်းငှါ သင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်းပြောဆိုကြ၏။
ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။
သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။
ဣသရေလ လူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်း အခွင့်ကိုပေးစေခြင်းငှါ၊ ထိုသူကို အစိုးရသော အရှင်အရာ၌၎င်း၊ ကယ်တင်သော သခင် အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာ လက်တော်နှင့် ချီးမြှင့်တော်မူပြီ။
ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနား တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။
ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ် ၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ၏။
ထိုအခါလူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည် ရှိသောနိဿရည်းဆရာ၊ ဖာရိရှဲ တယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊
ဣသရေလ လူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။
အကြောင်းမူကား၊ အထက်က သုဒအမည် ရှိသောသူတယောက် သည်ထသဖြင့်၊ ငါသည်လူ သာမည မဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှ လောက်ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။
ထိုသူနောက်ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည် ရှိသော ဂါလိလဲ လူတယောက်သည်လည်းထ၍၊ မိမိ နောက်သို့လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှ သောသူ တို့သည် ပျောက်လွင့်ကြ၏။
ယခုလည်းဤသူတို့ကို ရှောင်ရှား၍ အလို အလျောက်ရှိကြ ပါစေဟု ငါဆို၏။ ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။
ထိုစကားကို နားထောင်ကြသဖြင့်၊ တမန်တော် တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း တားမြစ်ထား၍ လွှတ်ကြ ၏။
တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသော ကြောင့်ဝမ်းမြောက်သော စိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။
ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း နေ့တိုင်းအစဉ် ဆုံးမသွန်သင် လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟော ပြောလျက်နေကြ၏။
6
ထိုကာလ၌ တပည့်တော်တို့သည် များပြားသည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲ လူတို့ကို အပြစ်တင်ကြ၏။
ထိုအခါတကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော် အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုထား၍ စားပွဲ၌လုပ်ကျွေးမှုကိုမှုကိုမဆောင်သင့်။
ထိုကြောင့်ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့် စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထား ကြမည်။
ငါတို့မူကား၊ ဆုတောင်းပဌနာပြခြင်း၊ နှုတ်က ပတ်တရားတော် ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။
ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေး ကောက်၍၊
တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကို တင်ကြ၏။
ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသ ဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွါး များ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။
သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုး တော်နှင့်၎င်း ပြည့်စုံသဖြင့်၊ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏။
ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိ ပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊
သူဟောပြော၍သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ။
ထိုအခါဤသူသည် မောရှေကို၎င်း၊ ဘုရား သခင်ကို၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊
လူများကို၎င်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာ တို့ကို၎င်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။
မမှန်သော သက်သေခံတို့ကိုခေါ်၍၊ ဤသူသည် သန့်ရှင်းသော အရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆိုလျက်နေပါ၏။
ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာန တော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။
လွှတ်တော်၌ ထိုင်လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာ သည် ကောင်းကင်တမန်၏မျက်နှာ ကဲ့သို့ဖြစ်သည်ဟု ထင်မှတ်ကြ၏။
7
ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤစကားမှန် သလောဟု မေးသည်ရှိသော်၊
သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင် ကြပါလော့။ ငါတို့ အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမှီ၊ မေသောပေါတာမိအရပ်၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော် မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊
သင်နေသော ပြည်နှင့်တကွ အမျိုးသားချင်း များထဲကထွက် ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွား လော့ဟု အာဗြဟံအားမိန့်တော်မူ၏။
ထိုအခါ အာဗြဟံ သည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏ အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ၏။
ဤပြည်၌ ခြေနင်းရာကိုမျှ အမွေပေးတော် မမူ သော်လည်း၊ သူမှ စ၍ သူ၏သားမြေးတို့အား ဤပြည်ကိုအပိုင်းပေးတော်မူမည်ဟု သားတယောက်မျှ မရှိမှီ ဂတိထားတော်မူ၏။
သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သော ပြည်၌ဧည့်သည် ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ် လေးရာပတ်လုံး ခံရကြ လိမ့်မည်။
သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင် မည်။ ထိုနောက်မှ သူတို့သည်ထွက်၍ ဤအရပ်၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ၏။
ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ ၏။ ထိုသို့ဣဇာတ်ကို ဘွားမြင်၍ ရှစ်ရက်မြောက်သော နေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာတ်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏ အဘ တကျိတ်နှစ်ပါးတည်း။
အမျိုး၏ အဘတို့သည် လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင့်မတော် မူလျက်၊
အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာအတတ် ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ်ကိုခန့်ထားလေ၏။
ခါနာန်ပြည်နှင့်အဲဂုတ္တုပြည် တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့ အဘများ၌ စားစရာကုန်သော အခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊
ငါတို့အဘများကို ပဌမအကြိမ်တွင် စေလွှတ် လေ၏။
ဒုတိယအကြိမ်တွင် ယောသပ်သည် မိမိညီ အစ်ကိုတို့အား မိမိအကြောင်းကို ဘော်ပြ၍၊ ဖာရော ဘုရင်သည် ယောသပ်၏ အမျိုးကို သိတော်မူ၏။
ထိုအခါ ယောသပ်သည်စေလွှတ်၍ မိမိအဘ ယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနစ်ကျိပ် ငါးယောက်သော မိမိအမျိုးသားချင်း အပေါင်းတို့ကို ခေါ်ပင့်လေ၏။
ယာကုပ်သည်လည်း အဲဂုတ္တုပြည်သို့သွား၍ ကိုယ်တိုင်မှစသော ငါတို့အဘများသည် သေလွန်ကြ၏။
ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ပို့ဆောင်သဖြင့်၊ ရှေခင်၏အဘ ဖြစ်သောဟာမော်၏ သားတို့အား အဘိုးငွေကိုပေး၍ဝယ်ပြီဖြစ်သော သင်္ချိုင်းတွင်း၌ ထားကြ၏။
အာဗြဟံအား ဘုရားသခင် ဓိဋ္ဌာန်တော်မူသော ဂတိတော်၏ အချိန်ရောက်လုသောအခါ၊
ထိုလူမျိုးသည် အဲဂုတ္တုပြည်၌ တိုးပွါး၍၊ ယောသပ်ကိုမသိ မကျွမ်းသော မင်းကြီးတပါး ပေါ်လာ သည်တိုင်အောင် များပြားကြလေ၏။
ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊ သူငယ်များကိုအသက်မရှင်စေခြင်းငှါ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲ နှိပ်စက်လေ၏။
ထိုအခါအလွန်အဆင်းလှသော မောရှေကို ဘွားမြင်လျှင်၊ သုံးလပတ်လုံးအဘ၏ အိမ်တွင် ကျွေးမွေး ကြ၏။
နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင် သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစား လေ၏။
မောရှေသည်လည် အဲဂုတ္တု အတတ်၊ ပညာ အလုံးစုံတို့ကို သင်၍၊ နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။
အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။
အမျိုးသားချင်းတယောက်သည် ညှဉ်းဆဲခံရ သည်ကို မြင်လျှင် သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ် မျက်သဖြင့်၊ ထိုညှဉ်းဆဲခံရသော သူအား အနိုင်ပေးလေ ၏။
ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော် မူမည်အရာကို ညီအစ်ကိုတို့သည် နား လည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။
နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်းဟု ဆို၍ ရန်ငြိမ်းရာသို့ သွေးဆောင် သည်ရှိသော်၊
အိမ်နီးချင်းကို ညှဉ်းဆဲသောသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီး အရာ၌ ခန့်ထားသနည်း။
မနေ့ကအဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ် လိုသလောဟု ဆိုလျက် မောရှေကိုပယ်၏။
ထိုစကားကိုကြားလျှင်၊ မောရှေသည် ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ် ယောက်ကိုမြင်လေ၏။
အနှစ်လေးဆယ်လွန်သောအခါ၊ သိနာတောင် ခြေရင်း တောတွင်၊ မီးလောင်သောချုံ၌ ထာဝရဘုရား၏ ကောင်းကင်တမန်ထင် ရှား၏။
ထိုရူပါရုံကို မြင်သောအခါမောရှေသည် အံ့ဩ၍စေ့စေ့ကြည့် ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင်၊
ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏ ဟုထာဝရဘုရား၏ ဗျာဒိတ် တော်အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့ မကြည့်ဝံ။
ထာဝရဘုရားကလည်း၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်း သောအရပ်ကား သန့်ရှင်းသောမြေ ဖြစ်၏။
အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ညည်းတွား မြည် တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နှုတ် ခြင်းငှါ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တု ပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။
အဘယ်သူသည် သင့်ကို အကဲအမှူးတရား သူကြီးအရာ၌ ခန့်ထားသနည်းဟူ၍ အငြင်းအပယ်ခံ ရသော ထိုမောရှေကို အကဲအမှူး၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်သည်ချုံ၌ ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။
ထိုသူသည် ဣသရေလအမျိုးသားတို့ကို နှုတ် ဆောင်၍ အနှစ် လေးဆယ်ပတ်လုံး အဲဂုတ္တုပြည်၌၎င်း၊ ဧဒုံပင်လယ်၌၎င်း၊ တော၌၎င်း၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကိုပြုလေ၏။
သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့အမျိုးသား ချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်း စေတော်မူ မည်။ ထိုပရောဖက်၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလအမျိုးသားတို့အားပြောဆိုသောသူကား အခြားသူမဟုတ်၊ ထိုမောရှေပင်ဖြစ်သတည်း။
ထိုသူသည် တောတွင်ရှိသော အစည်းအဝေး၌ ၎င်း၊ သိနာ တောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့်၎င်း၊ ငါတို့ အဘများနှင့်၎င်းရှိ၏။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှါ အသက်ရှင် စေသော ဗျာဒိတ်တော်ကိုခံလေ၏။
ထိုသူ၏စကားကိုငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ်၍၊
ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိဟု အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့် အာရုန်ကို ပြောဆိုကြ၏။
ထိုနေ့ရက်ကာလ၌ နွားသငယ်ကို လုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့် လုပ်သော အရာ၌ပင် ပျော်မွေ့ကြ၏။ အနာဂတ္တိကျမ်း၌ လာသည် ကား၊
အိုဣသရေလအမျိုး၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကိုတော၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။
သင်တို့သည် မောလုပ်၏တဲနှင့်သင်တို့ဘုရား ရင်ဖန်၏ ကြယ်တည်း ဟူသောကိုးကွယ်ဘို့ရာ မိမိ တို့လုပ်သော ပုံတို့ကို ဆောင်ရွက်ကြပြီ တကား။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တဘက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်းကင် တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှါ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ၏။
မောရှေမြင်ရသောပုံနှင့်အညီ၊ သက်သေခံတော် မူချက် ဌာပနာ ရာတဲတော်ကို လုပ်ရမည်အကြောင်း အမိန့်တော်ရှိသောသူမှာ ထားတော်မူသည်အတိုင်း၊ ထိုတဲတော်သည် တောတွင် ငါတို့အဘများ၌ရှိ၏။
နောက်ကျသော ငါတို့အဘများသည် ထိုတဲ တော်ကို တပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ၏။ ထိုတပါး အမျိုးသား တို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ၏။
ထိုဒါဝိဒ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရ၍၊ ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာ အရပ်ကို တွေ့ခြင်းငှါ တောင့်တ၏။
ရှောလမုန်သည်လည်း ဗိမာန်တော်ကို တည် ဆောက်ရ၏။
သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင် ဖြစ်၏။
မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ် သို့သော ဗိမာန် ကိုငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ် ရာအရပ်ဖြစ်မည်နည်။
ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လောဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ၊ အမြင့်ဆုံးသော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ် တော်မူသည်မဟုတ်။
လည်ပင်းခိုင်မာ၍ နှလုံးဖြင့်၎င်း၊ နားဖြင့်၎င်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင် ဘက် ပြုလေ့ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။
သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကို မျှ မညှဉ်းဆဲဘဲ နေသနည်း။ ဖြောင့်မတ်သောသူ ကြွလာတော်မူမည်အကြောင်းအရာကို ဟောပြော ပြညွှန်သော သူတို့ကို ကွပ်မျက်ကြ၏။ ထိုဖြောင့်မတ်သော သူကိုပင် ယခုလည်း သင်တို့သည် အပ်နှံ၍ အသေသတ် ကြပြီ။
သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်း သော အားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မြွက်ဆို၏။
ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ် ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။
သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်း မြင်လျှင်၊
ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏လက်ျာတော်ဘက်၌ ရပ်နေသည်ကို၎င်း၊ ငါမြင်သည်ဟုဆို ၏။
ထိုသူတို့သည် ပြင်းစွာသော အသံနှင့် ဟစ်ကြော်၍ နားကိုပိတ် ဆို့လျက် သူ့ဆီသို့ညီညွတ်စွာ တဟုန်တည်းပြေး၍၊
မြို့ပြင်သို့နှင့်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိတို့အဝတ်ကို ရှောလု အမည်ရှိသော လုလင်၏ခြေရင်း ၌ထားကြ၏။
ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာ ပြုလျက်၊ သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။
ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသော အသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကို ကွပ်မျက်သော အမှုကို ရှောလုသည်လည်း ဝန်ခံလျက် ရှိ၏။
8
ထိုအခါယေရုရှလင်မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။
တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌လှောင်ထား တတ်၏။
ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြောကြ၏။
ဖိလိပ္ပုသည်လည်း၊ ရှာမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။
လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ ၏။
အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုး တို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ၏။ ကိုယ်မ လှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ် သို့ရောက်ကြ၏။
ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက် ခြင်းရှိကြ၏။
ရှိမုန်အမည်ရှိသော သူတယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာ အတတ်နှင့်ပြုပြင်၍၊ ငါသည်ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု၏။
လူကြီးလူငယ်ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ၌ဆည်းကပ်ကြ၏။
ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေ ခြင်းငှါ ထိုသူသည် နတ်ဝိဇ္ဇာအတတ် အားဖြင့် ကြာမြင့်စွာပြုလျက်နေ၏။
ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်၌၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်း စပ်ဆိုင်သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သော အခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။
ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကို ခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်း သော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။
ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။
ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိသဖြင့်၊
တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော် ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း၍၊
ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။
တမန်တော်တို့လက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊
အကျွန်ုပ်၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ကိုခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော်၊
ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည် ဟု အကြံရှိသောကြောင့်၊ သင်နှင့် တကွသင်၏ ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ။
သင်သည်ဤအမှုအရာနှင့် မဆက်ဆံသော သူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။
ထိုကြောင့်သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။
သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင် အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို၏။
ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစုံ တခုမျှ အကျွန်ုပ် အပေါ်သို့ မရောက်ပါမည် အကြောင်း၊ ထာဝရဘုရားကို ကျွန်ုပ်အဘို့ အလိုငှါ ဆုတောင်းတော်မူ ကြပါဟု ပြန်ပြော၏။
တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟောပြီးမှ၊ ယေရုရှလင်မြို့ သို့ ပြန်သွားရာ၊ ရှာမာရိရွာများတို့၌လည်း ဧဝံဂေလိ တရားကို ဟောပြောကြ၏။
တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။
ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား၍၊
ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဘတ်လေ၏။
ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊
ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။
ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။
ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။
နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသ တည်း။
ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊
ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။
ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆိုလျှင်၊
ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။
ရေထဲကတက်ကြလျှင်၊ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။
ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။
9
ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော် တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့်၊
ထိုဘာသာဝင်သော ယောက်ျားမိန်းမ တို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသတ်မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍ တောင်းပြီးမှ၊
သွား၍ ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက်လေ၏။
ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊
သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။
သို့သော်လည်းထ၍ မြို့သို့ဝင်လော့။ သင်ပြု ရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။
ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာ ရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက်ရပ်နေကြ၏။
ရှောလုသည်လည်းမြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။
သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက် ဘဲနေလေ၏။
ထိုအခါ အာနနိအမည်ရှိသော တပည့်တော် တယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင် ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါ သည်ဟုလျှောက်၏။
သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်း ဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလု အမည် ရှိသောတာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။
မိမိမျက်စိကို မြင်ပြန်စေခြင်းငှါ အာနနိအမည်ရှိ သော သူသည် ဝင်၍၊ မိမိအပေါ်၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီ ဟုမိန့်တော်မူ၏။
အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အလယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။
ဤအရပ်၌လည်းကိုယ်တော်ကို ပဌနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရပါသည်ဟု ပြန်လျှောက်၏။
သခင်ဘုရားကလည်း၊ ထိုသူကားတပါး အမျိုး သားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေး ကောက်သော တန်ဆာဖြစ်၏။
အကြောင်းမူကား၊ ထိုသူသည်ငါ၏နာမကြောင့် အဘယ်မျှ လောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။
အာနနိသည်လည်းသွား၍ အိမ်သို့ရောက်လျှင်၊ ရှောလု အပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိမြင်ပြန်စေခြင်းငှါ ၎င်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ၎င်း ငါကို စေခန့်တော်မူသည်ဟုပြောဆို၏။
ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာ ကျသကဲ့သို့ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍ ဗတ္တိဇံ ကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့် လေ၏။
ထိုနောက်ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့ နှင့်အတူ ကာလအတန်အရာနေ၍၊
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။
ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤ သူကား၊ ထိုသခင်ကို ပဌနာပြုသောသူတို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ် သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။
ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။
ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှါ၊ ယုဒလူတို့ သည်အချင်းချင်းတိုင်ပင်ကြ၏။
ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကို သတ်အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဉ့်မပြတ် စောင့်ကြ သောကြောင့်၊
တပည့်တော်တို့သည် ညဉ့်အခါသူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။
ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ တပည့် တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော် အပေါင်းတို့ သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။
ထိုအခါဗာနဗသည် သူ့ကိုခေါ်၍ တမန်တော် များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍၎င်း၊ သူ့အားမိန့်တော်မူသည်ဟ၍၎င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကိုအမှီပြုလျက်၊ ရဲရင့်စွာဟောသည်ဟူ၍၎င်းပြောလေ၏။
ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏ နာမတော်ကိုအမှီပြု၍ ရဲရင့်စွာ ဟောလျက် နေ၏။
ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။
ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိ လျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့ တိုင်အောင် စေလွှတ်ကြ၏။
ထိုအခါယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌ ၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည် တွင် သန့်ရှင်းသူ တို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။
ထိုအရပ်၌ အဲနေအမည်ရှိသော တုံးလုံးနေ သော သူတယောက်ကိုတွေ့လျှင်၊ အဲနေ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ၏။
ထ၍အိပ်ရာကိုပြင်လော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ခြင်းထ၏။
လုဒ္ဒမြို့နှင့်ရှာရုန်မြို့၌ နေသောသူ အပေါင်း တို့သည် ထိုသူကို မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။
ယုပွေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသ အမည်ရှိသော တပည့်တော်မ တယောက်ရှိ၏။ ထိုမိန်းမ သည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက်၊
ထိုအခါ၌နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌တင်ထားကြ၏။
လုဒ္ဒမြို့သည် ယုပွေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရု ရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည် အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန် ကြ၏။
ပေတရုသည် ထ၍ထိုသူတို့နှင့် အတူလိုက်လေ ၏။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့်၍ မုတ်ဆိုးမ များတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိ စဉ်အခါလုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက် ရှိကြ၏။
ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက် စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်း ပဌနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍၊ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမ သည် မျက်စိကို ဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။
ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။
ထိုအကြောင်းကို ယုပွေမြို့၌ အနှံ့အပြား သိကြ ၍၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ ရောက်ကြ၏။
ပေတရုသည် ယုပွေမြို့၌ရှိမုန်အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။
10
ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည် တွင်သော သူတယောက်ရှိ ၏။
ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲ ခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။
တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရား သခင်၏ ကောင်းကင်တမန်သည်၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။
ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါ သနည်းဟု မေးသော်၊ ကောင်းကင် တမန်က၊ သင်ပြု သောဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဘို့တက်ကြပြီ။
ထိုကြောင့် ယခုပင်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့။
ထိုသူသည်သားရေလုပ်သမားရှိမုန်၏ အိမ်၌ တည်းနေ၏။ ထိုအိမ်သည် ပင်လယ်နားမှာ ရှိသည်ဟု ပြောဆို၏။
ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ၊ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့်တကွ မိမိထံ၌ မပြတ်ခစားသောလူစု အဝင်၊ ဘုရားဝတ်၌ မွေ့လျော်သော စစ်သူရဲတယောက်ကိုခေါ်၍၊
ထိုအကြောင်းအရာအလုံးစုံတို့ကို ကြားပြောပြီးမှ ယုပွေမြို့သို့ စေလွှတ်၏။
နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပွေမြို့ အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ ၏။
ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင် သူတပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍ နေသဖြင့်၊
ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့် ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ဆင်းသက်လာသည် ကို၎င်းမြင်လေ၏။
ထိုတန်ဆာထဲ၌ သားရဲမှစ၍မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက်မျိုး တို့သည်ရှိကြ၏။
စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စား လော့ဟု လာ၏။
ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူး သောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို၏။
နောက်တဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင် နှင့်ဟု လာပြန်၏။
ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။
ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံ ကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊
ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။
ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။
ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသော သူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။
ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်း တည်းဟူသော တပ်မှူး ကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။
ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ် ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့ နှင့်အတူ သွားသဖြင့်၊ ယုပွေ မြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။
ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိ အဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ၏။
ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။
ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။
ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိ ကြသော လူများကိုတွေ့လျှင်၊
ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။
ထိုကြောင့်ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက် လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်း ကြောင့် ငါ့ကိုခေါ်ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို၏။
ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ်၌ဆုတောင်းလျက် နေသည်၊ ယခု လေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက်၌ရပ်၍၊
ကော်နေလိ၊ သင်ပြုသောပဌနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။
ထိုကြောင့်ယုပွေမြို့သို့စေလွှတ်၍ ပေတရု အမည်သစ်ကို ရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ် သမားရှိမုန်၏ အိမ်၌တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြော လိမ့်မည်ဟုပြောဆိုပါ၏။
ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန် စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသော အားဖြင့် ကောင်းမွန်စွာပြုပါ ပြီ။ သို့ဖြစ်၍ ဘုရားသခင် သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင် ခြင်းငှါ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင် ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။
ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ် စင်စစ် ဘုရား သခင်သည် လူမျက်နှာကို မှတ်တော်မမူ။
လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ ၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။
အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု ခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံ ဂေလိတရားကို ဟောတော်မူလျက်၊ ဣသရေလ အမျိုး သား တို့အား ပေးလိုက်တော်မူသော တရားတော်နှင့် အညီ၊
ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။
ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ၏။
ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒ ပြည်တွင်ပြုတော် မူသောအမှုများတို့၏ သက်သေခံ ဖြစ်ကြ၏။ ထိုသူကိုသစ်တိုင်၌ ဆွဲ၍ ကွပ်မျက်ကြလေ၏။
သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် ထမြောက် စေတော်မူ၍၊
လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့် ထားတော်မူနှင့်သော သက်သေခံတည်း ဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့် အတူ ငါတို့သည်စားသောက်ရကြ၏။
ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ၊ ဘုရားသခင်ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြ လော့ဟု ငါတို့အားပညတ်ထားတော်မူ၏။
ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော် အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ မရောဖက် အပေါင်းတို့သည် ထိုသခင် ၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက် ဆို၏။
ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရား တော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။
တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရု နှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကား အားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်း သည်ကိုကြားကြလေ၏။
ထိုအခါကေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေ ခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊
သခင်ဘုရား၏နာမ၌ ဗတ္တိဇံကို ခံစေမည် အကြောင်းစီရင် လေ၏။ ထိုနောက်မှပေတရုသည် ကာလအတန်အရာနေပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန်ကြ၏။
11
တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ၏။
ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
သင်သည် အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော် ၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။
ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား၊
ငါသည်ယုပွေမြို့၌ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။
ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။
ထိုအခါ၊ ပေတရု၊ ထ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။
ငါကလည်းမဖြစ်နိုင်ပါသခင်။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲ သို့တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။
နောက်တဖန် စကားသံကား၊ ဘုရားသခင်စင် ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။
ထိုသို့သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ၏။
ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။
ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်းဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။
ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှား စွာရပ်လျက်၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။
ထိုပေတရုသည် သင်မှစ၍ သင်၏ အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်း တရားစကား ကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြား လေ၏။
ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။
ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။
သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။
ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ် ဘုရား သခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ နောင်တ တရားကို တပါးအမျိုးသားတို့အားလည်းပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။
သခင်ဘုရား၏လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။
ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ၏။
ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူး တော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ၏။
ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ယုံကြည်ခြင်းနှင့်၎င်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။
ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။
ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။
ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ၏။
ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူ တယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာ အာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက်၌ဖြစ်သတည်း။
ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု၊
စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ၏။
12
ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှါစီရင်၍၊
ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ၏။
ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။
ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။
ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ၏။
ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန်၏။
ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။
လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သော သံတံခါး သို့ရောက်လျှင်၊ ထိုတံခါးသည် အလိုလို ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှ ခွါ၍ သွားလေ၏။
ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်း လက်မှ၎င်း၊ ယုဒလူတို့၏ မြော်လင့်ခြင်းမှ ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည် သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏ အိမ်သို့ရောက်၍၊
အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည် ရှိသော မိန်းမငယ်တယောက်သည် နားထောင်ခြင်း ငှါလာ၍၊
ပေတရု၏စကားအသံကိုသိလျှင်၊ ဝမ်းမြောက်သော အားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရု သည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။
ထိုသူတို့က၊ သင်သည်အရှုးဖြစ်၏ဟု ထို မိန်းမငယ်အားဆိုကြသော်လည်း၊ ပေတရုအမှန် ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏။
ပေတရုသည် ခေါက်၍နေသော်၊ တံခါးကို ဖွင့်ကြ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ၏။
ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတပါးသို့သွားလေ၏။
မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ၏။
ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည် ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။
ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။
ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ၏။
လူများတို့က၊ ဤအသံသည်လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည် ရှိသော်၊
ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။
ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလာ၏။
ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင်၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့၍ ယေရုရှလင်မြို့မှပြန်ကြ၏။
13
အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။
ထိုသူတို့သည်သခင်ဘုရား ဝတ်ကိုပြု၍ အစာကို ရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှါ ဗာနဗနှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့်တော် မူသည် အတိုင်း၊
အစာရှောင်၍ ပဌနာပြုလျက်၊ ထိုသူတို့ခေါင်း ပေါ်မှာ လက်ကို တင်၍လွှတ်လိုက်ကြ၏။
ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ် တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့ သွား၍ ထိုမြို့မှ သင်္ဘောနှင့် လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ ရောက်ကြ၏။
ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားစရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏ လက်ထောက် ဖြစ်သတည်း။
တကျွန်းလုံးကို ရှောက်၍ပါဖုမြို့သို့ရောက်လျှင်၊
ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတ်သမားကို မြို့ဝန် မင်းသေရဂိပေါလု ထံ၌တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့်ရှောလုတို့ကို ခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော် ကိုနာလိုသောစိတ်ရှိသော်၊
အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှါ တမန်တော်တို့ကို ဟန့်တားလေ၏။
ထိုအခါပေါလုဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊
လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်း တရား၏ ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။
ယခုပင်ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန် ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏခြင်းတွင်မျက်စိမြှေးရှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကို ရှာလျက် တလည်လည်ရှိ၍နေ၏။
ထိုအကြောင်းအရာကိုမြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာ တော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။
ပေါလုနှင့်ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန် သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ပြန်လေ၏။
ပေရဂမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ် သို့ဝင်၍ထိုင်ကြ၏။
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမ စရာ စကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။
ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ် ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင် ကြလော့။
ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့်ထိုပြည်မှ နှုတ်ဆောင် တော်မူ၏။
အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။
ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ၏။
ထိုနောက်မှပရောဖက်ရှမွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကိုပေးတော်မူ၏။
နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသော အခါရှောလု အမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။
နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူ အားသက်သေခံတော်မူလျက်၊စိတ်နှလုံး၌ ညီညွတ်သည် ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။
ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်း စေတော်မူပြီ။
ထိုသခင်ကြွလာတော်မမူမှီ ယောဟန်သည် ဣသရေလလူ အပေါင်းတို့အား နောင်တနှင့် စပ်ဆိုင် သော ဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။
ယောဟန်သည်မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။
အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရား သခင်ကို ကြောက်ရွံ့သောသူတို့၊ ဤ ကယ်တင်တော်မူခြင်းတရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။
ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်းအစဉ် ဘတ်ရွက်သော ပရောဖက်တို့၏ စကားကို၎င်း၊ မသိ နားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သော အားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။
ကိုယ်တော်၌သေထိုက်သောအပြစ် တစုံတခုကို မျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။
ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထား သမျှတို့ကို ပြည့်စုံ စေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍သင်္ချိုင်းတွင်း၌ ထားကြ၏။
ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ တော်မူသည်ဖြစ်၍၊
ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူ တို့အားနေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြ တော်မူ၏။
ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ် ကြ၏။
ဆာလံကျမ်းဒုတိယခဏ်း၌လာသည်ကား၊ သင်သည်ငါ့သား ဖြစ်၏။
ယနေ့ပင်သင့်ကိုငါဖြစ်သွားစေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ဂတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အား ပြည့်စုံတော်မူ သည်ဟူ၍၎င်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ် ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြော ကြ၏။
ထိုကြောင့်ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော်၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟုလာ၏။
ဒါဝိဒ်သည်မိမိကာလ၌ ဘုရားသခင်၏ အလို တော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်း သို့ ရောက်လေ၏။
ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။
ထိုကြောင့်ညီအစ်တို့ကို၊ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို၎င်း၊
ထိုသခင်ကိုယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှ တို့နှင့် လွတ်ရကြသည်ကို၎င်း သိမှတ် ကြလော့။
အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။
အကြောင်းမူကား၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကိုသင်တို့ လက်ထက် ကာလ၌ ငါပြုသည်ကျမ်းစာ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။
လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။
အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။
နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။
ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။
ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။
မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။
ထိုစကားကို တပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်းကြ၏။ ထာဝရ အသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြသဖြင့်၊
ထာဝရဘုရား၏ သာသနာတော်သည် တပြည် လုံး၌ နှံပြားလေ၏။
ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ ၏။
တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အားခါလိုက်ပြီးမှ ၊ ဣကောနိမြို့သို့ သွားကြ၏။
တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့် ၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်းပြည့်စုံကြ၏။
14
ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက် တို့သည် ယုဒတရားစရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုး သားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှါ ချောစားကြ၏။
ထိုကြောင့်ကြာမြင့်စွာနေ၍ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူးတရား တော်ဘက်၌ သက်သေ ခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံဘွယ်သော အမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။
ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌၎င်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌၎င်း နေကြ၏။
မင်းအရာရှိတို့နှင့်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့် ပစ်မည်ဟုတဟုန်တည်း ပြေး လာကြသည်အကြောင်းကို၊
တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊
ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြော ကြ၏။
အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တခါမျှ မသွားဘူးသော လူတယောက်သည် လုတ္တရမြို့၌ ထိုင် လျက်၊
ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလု သည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်း မည်အကြောင်း သူ၌ယုံကြည်ခြင်းရှိ သည်ကိုသိမြင်လျှင်၊
ထ၍မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူ သည်ရုတ်တရက်ထ၍ လှမ်းသွားလေ၏။
ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေး တို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည် တကားဟု လုကောနိ ဘာသာ စကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။
ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမဟူ၍ ၎င်း၊ ဗာနဗကိုဇုသဟူ၍၎င်း ခေါ်ဝေါ်ကြ၏။
ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းတုံးကို မြို့တံခါးနားသို့ယူခဲ့၍၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊
တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သိတင်းကြားလျှင်၊ မိမိတို့ အဝတ်ကို ဆုတ်၍ လူစုထဲသို့ ပြေးဝင် လျက်၊
အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ၏။
ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့ အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။
သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။
ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသော အမှုကိုမြစ်တားလေ၏။
ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှ လာကြ၍ လူအစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။
တပည့်တော်တို့သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည် ထ၍မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့် တကွဒေရဗေမြို့သို့ ထွက်သွားလေ၏။
ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။
ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။
အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပဌနာ ပြုပြီး လျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။
ပိသိဒိပြည်တပြည်လုံးကို ရှောက်သွား၍ ပံဖုလိပြည်သို့ ရောက်လျှင်၊
ပေရဂေမြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော၍ အတ္တလိမြို့သို့သွားကြပြန်၏။
ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။
ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှ တို့ကို၎င်း၊ ယုံကြည်ခြင်း တံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း ပြန်ကြား ကြ၏။
ထိုမြို့၌လည်း၊ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာ နေကြ၏။
15
ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒ ပေးကြ၏။
ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေး ငြင်းခုံခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့်ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကိုစီရင်ကြ၏။
အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကို ရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်း တို့ကို အလွန်ဝမ်းမြောက်စေကြ၏။
ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်း ကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူ သမျှတို့ကို ပြန်ကြားကြ၏။
ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏ တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။
ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့် ရှုဆင်ခြင်ခြင်းငှါ စည်းဝေးကြ၏။
များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိ တရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင် တော်မူသည်ကို သင်တို့သိကြ၏။
စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်း တူသူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။
ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါတို့ကို ခြားနားစေတော်မမူ။
သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။
သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည် နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရု ပြောဆို၏။
ထိုအခါဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူ သမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာ နေ၍နားထောင်ကြ၏။
ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြ လော့။
ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့် အရှုကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြော ခဲ့ပြီ။
ထိုအကြောင်းအရာသည်လည်း ပရောဖက် တို့၏ စကားနှင့် ညီ၏။
ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရ ဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည်။
လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု။
ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူ သမျှသော အမှုအရာတို့ကိုသိတော်မူသည်။
ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော် သို့ပြောင်းလဲသော သူတို့ကို မနှောင့်ရှက် ဘဲလျက်၊
ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။
အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့်၊ မောရှေ၏ တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက် ၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ၏။
သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှ ထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရ သည်ဖြစ်၍၊
ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကြောင့် မိမိ အသက်ကို စွန့်စားသော သူတည်းဟူသော၊
ငါတို့ချစ်သောဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သော သူ တို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့် အညီ၊
ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ်ကြ၏။
ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊
လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့၏ အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြ ပါစေသောဟုရေး၍ ပေးလိုက်သတည်း။
ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍၊ လူအပေါင်းတို့ကို စုဝေးစေပြီး လျှင် မှာစာကိုအပ်ပေးကြ၏။
မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။
ယုဒနှင့် သိလတို့သည် ပရောဖက် ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်တို့ကို ဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏။
ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာပြန်စေခြင်းငှါ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။
သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။
ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမ ဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ် တရားတည်း ဟူသော ဧဝံဂေလိတရားကိုဟောပြောကြ၏။
အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဘူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့ သည် အဘယ်သို့ရှိနေသည်ကိုကြည့်ရှု၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗအားဆို၏။
ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကို ခေါ်မည်ဟု အကြံရှိ၏။
ပေါလုက၊ ပံဖုလိပြည်၌သူတို့နှင့်ခွါ၍ အမှုထမ်း ရာသို့မလိုက် မသွားသောထိုသူကိုမခေါ်သင့်ဟု သဘောရှိ၏။
ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည်မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။
ညီအစ်ကိုတို့သည် ပေါလုကိုဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင်ထွက်၍၊
အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည် တို့ကို ရှောက်သွားလေ၏။
16
ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ၏။ လုတ္တရမြို့၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ၏။ သူ၏ အမိကား၊ ယုံကြည်သောယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။
ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့ တွင်အသရေရှိသောသူဖြစ်၏။
ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါအလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကိုထိုအရပ်တို့၌ ရှိသောယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။
သူတို့သည် မြို့များကို ရှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ် တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင် ဘို့ရာ အပ်ပေးကြ၏။
ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တနေ့ထက်တနေ့တိုးပွားများပြား ကြ၏။
ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ် တော်သည်မြစ်တားတော်မူသဖြင့်၊
မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေး တော်မူသောကြောင့်၊
မုသိပြည်အနားမှာ ရှောက်၍ တရောမြို့သို့ ရောက်ကြ၏။
ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန်၏။
ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။
ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက် ကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန် နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။
ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်း ဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလ အတန်အရာနေကြ၏။
ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏။
ထိုအခါ နီမောင်သောအထည်အလိပ်ကို ရောင်းသော သွာတိုရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။
ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကို ခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန် ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍ နေကြပါဟုတောင်းပန်လျက် ငါတို့ကို အနိုင် သွေးဆောင်လေ၏။
ထိုနောက်မှ ငါတို့သည် ပဌာနာစရပ်သို့ သွား စဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိ သခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ် တယောက်သည် ငါတို့ကိုဆီးကြိုလေ၏။
ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။
ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာ လျက်လှည့်ကြည့်၍၊ သင်သည်သူ၏ အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏခြင်းတွင် နတ်သည်ထွက်သွား၏။
သူ၏သခင်တို့သည် နောက်တဖန် စီးပွားဖြစ်လိမ့်မည်ဟု မြော်လင့်စရာအကြောင်းမရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဘမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။
စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ရှက်တတ်ပါ၏။
ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင် တတ်ပါ၏ ဟုလျှောက်ဆိုကြလျှင်၊
စုဝေးသောလူတို့သည် သူတို့တဘက်၌ တပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ၏။
ရိုက်၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာ စောင့်စေ ဟု ထောင်မှူးကို မှာလိုက်၍ ထောင်ထဲမှာ လှောင်ထား ကြ၏။
ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင်ထဲမှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။
သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ၏။
ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏။
ထောင်မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့်၊ ထားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ၏။
ပေါလုကလည်း၊ ကိုယ်ကိုအဖြစ်မပြုနှင့်။ ငါတို့ အပေါင်းသည် ရှိကြ၏ဟုကြီးသောအသံနှင့် ဟစ်၍ ပြောဆို၏။
ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီး မှ ပြေးဝင်၍၊ ပေါလုနှင့် သိလတို့၏ခြေရင်း၌ တုန်လှုပ် လျက် ပြပ်ဝပ်လေ၏။
သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။
ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊
ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။
ထိုညဉ့်၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလ တို့ကိုယူ၍ဒဏ်ချက်ရာများကို ဆေး ကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့် တကွဗတ္တိဇံကို ချက်ခြင်းခံလေ၏။
တဖန်ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။
နံနက်ရောက်သောအခါစစ်ကဲတို့သည် ရုံလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေ ဟုမှာလိုက်ကြ၏။
ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှါ စစ်ကဲ တို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊
ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ် ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နှုတ်ယူကြစေဟု ရုံးလုလင်တို့ အားပြောဆို၏။
ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့်သိလတို့သည် ရောမလူ ဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊
ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နှုတ်ယူ၍၊ ထိုမြို့မှထွက်သွားပါမည် အကြောင်း တောင်းပန်ကြ၏။
ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှ ထွက်၍ လုဒိအိမ်သို့ ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှထွက်သွား ကြ၏။
17
ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကို ရှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားစရပ်ရှိ၏။
ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ ဝင်၍၊ ဥပုသ် နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊
ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ၏။
ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဘော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ၏။
ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကို ခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါရှာကြ၏။
မတွေ့လျှင်၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကို မင်းအရာရှိ တို့ထံသို့ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။
ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ။ ထို သူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ယေရှုအမည် ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက်၊
မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏ စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ရှက်ကြ၏။
ထိုအခါ ယာသုန်မှစ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ၏။
ညဉ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့်သိလကို ဗေရိမြို့သို့ ချက်ခြင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားစရပ်သို့ ဝင်ကြ၏။
ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။
ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမ တို့နှင့် ယောက်ျားအများတို့သည် လည်း ယုံကြည်ကြ၏။
ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူ တို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။
ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။
ပေါလုကိုပို့သောသူတို့သည် အာသင်မြို့ တိုင်အောင် ပို့ဆောင်ပြီးမှ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ ၍ပြန်ကြ၏။
ပေါလုသည်အာသင်မြို့၌ သိလနှင့် တိမောသေ တို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူ ပန်ခြင်းသို့ရောက်၏။
ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရား ကို ကိုးကွယ်သော သူတို့နှင့်၎င်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။
ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့ သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရသောလူသည် အဘယ်သိုပပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တကျွန်းတနိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏ တရားနှင့်ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။
ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင်၊ သင်သည် ဟော ပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော။
ငါတို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည် ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။
အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည် များ တို့သည် သိတင်းစကားကိုကြားပြောခြင်း၊ နား ထောင်ခြင်း အမှုမှတပါး အခြားသော အမှုဖြင့်ကာလကို မလွန်စေတတ်ကြ။
ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်း အာသင်လူတို့၊ သင်တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင်ပါ၏။
လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှု သည်တွင်၊ ငါတို့ မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့ သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။
လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှ သောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။
ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်း သောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစုံ တခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မဟုတ်။
ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို၎င်း၊ သူတို့၏ နေရာအပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။
အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။
ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသ တည်း။
ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ် သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။
ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက် စေတော်မူ သော အားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။
သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည်ဟု ဆိုကြ၏။
ထိုသို့ဆိုကြသော အခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ၏။
လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတို့အဝင်ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတယောက်၊ ဒမောရိ အမည်ရှိသော မိန်းမတယောက်မှစ၍ အခြားသောသူရှိ ကြ၏။
18
ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား ၍ ကောရိန္တု မြို့သို့ရောက်လေ၏။
ထိုအခါယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိ သည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွမကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်သူတို့ဆီသို့ဝင်၍၊
အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ် သော အချုပ်သမားဖြစ်ကြ၏။
ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွေး ဟောပြော၍၊ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။
ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည် ရှိသော်၊ ပေါလု သည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊
ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ် သော ယုတ္တု အမည်ရှိသောသူ၏ အိမ်သို့သွား၏။ ထိုအိမ်သည် တရားစရပ်နှင့် စပ်လျက်ရှိသတည်း။
ကရိပ္ပုအမည်ရှိသောတရားစရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္တုပြည်သားအများတို့သည် လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။
ညဉ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာ ဒိတ် ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ် စွာမနေနှင့်။ ဟောပြောလော့။
ငါသည်သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်း ငှါ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ငါ၏ လူအများရှိကြသည်ဟု မိန့်တော်မူ၏။
ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရား သခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြော သွန်သင် ၍ တနှစ်နှင့်ခြောက်လ ပတ်လုံးနေလေ၏။
အခါယပြည်ကို ဂါလျန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက် ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊
လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ် စေခြင်းငှါ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ၏။
ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်း ယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိ သည်အတိုင်းသည်းခံရမည်။
သို့မဟုတ် စကားသော်၎င်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်၎င်း၊ သင်တို့၏ဘာသာတရားသော်၎င်း၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှါ ငါအလိုမရှိ ဟုဆိုလျက်၊
ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။
ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားစရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင် ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျန်မင်းသည် အမှုမထား ဘဲနေ၏။
ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်ကသစ္စာဂတိပြုသည်နှင့် အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့သင်္ဘောနှင့် လွှင့်လေ၏။
ဧဖက်မြို့သို့ရောက်လျှင်၊ တရားစရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ၏။
ထိုသူတို့သည် မိမိတို့နှင့် အတူပေါလု နေပါဦးမည်အကြောင်း တောင်းပန်သောအခါ၊ ပေါလုသည် ဝန်မခံဘဲလျက်၊
ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင်အလိုတော်ရှိလျှင်၊ နောက် တဖန်သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ၍ အခွင့်တောင်းပြီးမှ၊ ပြစ်ကိလနှင့် အာကုလကို ဧဖက်မြို့၌ ထား၍ သင်္ဘောနှင့်လွှင့်ပြန်လေ၏။
ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့ သို့သွားပြန်၏။
ထိုမြို့၌ အတန်အရာနေပြီးလျှင်၊ ထွက်ပြန်၍ ဂလာတိပြည်၊ ဖြူဂိပြည်ကို အစဉ်အတိုင်း ရှောက်သွား သဖြင့်၊ တပည့်တော်အပေါင်း တို့ကို မြဲမြံခိုင်ခံ့စေ၏။
အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူ တယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။
သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏ အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာသိ၏။
ထိုသူသည် တရားစရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ဘုရားသခင်၏ ဘာသာတရားကိုသာ၍ သေချာစွာ သင်ကြားကြ၏။
ထိုသူသည် အခါယပြည်သို့သွားခြင်းငှါ အလိုရှိ သည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည်မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သော သူတို့ကို အလွန်ထောက်မလေ၏။
ယေရှုသည်ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏စကားကို အားကြီးစွာ ပယ်ဖျက်လေ၏။
19
အာပေါလုသည် ကောရိန္တုမြို့၌နေစဉ်၊ ပေါလုသည်အထက် အရပ်များကို ရှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊
သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။
ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။
ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်။
ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံကြ၏။
ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။
ထိုသူတို့သည် အရေအတွက်အားဖြင့် တကျိပ် နှစ်ယောက်မျှ လောက်ရှိသတည်း။
ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။
အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲ နေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊
တုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ်၍၊
ပေါလုသုံးသောပဝါ၊ ခါးပန်းတခုခုကို အနာရောဂါရှိသောသူ တို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့်ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။
ထိုအခါအရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြော သော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာ ပေး၏ဟုဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။
သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။
နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကို လည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင်၊
နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှအဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။
ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏ နာမတော် ကိုချီးမွမ်းကြ၏။
ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ၏။
နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ၏။ စာစောင် အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။
ထိုသို့သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
ထိုနောက်မှပေါလုက၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့ သို့သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊
မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။
ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊
ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ် တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ်၏။
ထိုသူသည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမား များကိုစုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤ အတတ်ကိုသင်တို့သိကြ၏။
ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှ တို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တရှောက်လုံးကုန် မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။
ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တရှောက် လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။
ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။
တမြို့လုံးရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ၏။
ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ၏။
ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း၊ ပွဲခံရာ စရပ်ထဲသို့ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။
စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တယောက် တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင်မိမိတို့မသိကြ။
ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာ စကားကို လူများတို့ အား ပြောခြင်းငှါ အလိုရှိ၏။
သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ၏။
မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော။
ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ် ၍၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ၏။
သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ၊ ဗိမာန်တော်ကိုလုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့ ၏ ဘုရားကိုမကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။
ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။
သို့မဟုတ်သင်တို့သည် အခြားအမှုကို အစီရင်ခံ လိုလျှင်၊ တရားသောအစည်းအဝေး၌စီရင်ရလိမ့်မည်။
ယနေ့ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစုံတခုမျှ မရှိဟု၊
ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။
20
ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ၏။
ထိုအရပ်များကိုရှောင်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။
သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့်၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။
ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု၏သား သောပ တရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။
ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။
အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ ရောက်၍ခုနစ်ရက် နေကြ၏။
ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။
ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော် ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည်ချီ ကြွကြ၏။
ပေါလုသည်လည်းအောက်သို့ ဆင်း၍သူ၏ အပေါ်သို့ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ် သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ ဟုဆို၍ တက်ပြန် လေ၏။
မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည် တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။
အသက်ရှင်လျက်ရှိသောထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။
ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကို ခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။
အဿုမြို့၌ သူသည်ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။
ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာရှောက်သွား၍ နောက်တနေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တနေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။
ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှါ ကြိုးစား သည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာ မနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်း လျက်ရှိနှင့်သတည်း။
မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။
သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင် အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။
အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။
သင်တို့အကျိုးတစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌၎င်း၊ သင်တို့အားဟောပြော ၍ ဆုံးမဩဝါဒ ပေးသဖြင့်၊
ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကို၎င်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့ သိကြ၏။
ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကိုမသိ။
သို့သော်လည်းချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသော ဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အား သက်သေခံတော်မူ၏။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊
ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို မမြင်ရကြဟုငါသိ၏။
ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ် သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ ၏။
ဘုရားသခင်၏အလိုတော်ကိုသင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲ မရှောင်ဘဲပြုခဲ့ပြီ။
ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊
တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း ငါသိ၏။
ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြ လော့။
ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။
သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။
ဤလက်တို့သည် ငါ့ကို၎င်း၊ ငါ့အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။
ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊
ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ၏။
ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ၏။
နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။
21
ထိုသူများနှင့် ငါတို့သည် ခွါသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒုကျွန်းသို့၎င်း၊ ထိုကျွန်းမှ ပါတရမြို့သို့၎င်း ရောက်ကြ၏။
ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။
ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ကူး၍ တုရူမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။
တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက် နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော် တို့သည် ဝိညာဉ်တော်အား ဖြင့် ပြောကြ၏။
ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက် ကြ၍ ငါတို့သည်ထွက်သွား ပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။
အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။
တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊
နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။
ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။
ထိုအိမ်၌တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊
ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိခြေလက် ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါး အမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏။
ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ ရှိသော သူတို့က၊ ယေရုရှလင်မြို့သို့မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။
ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို၏။
ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။
ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့သွားကြ၏။
ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်း သား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။
ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ၏။
နက်ဖြန်နေ့၌ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။
ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရား သခင်သည် တပါးအမျိုး သားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ၏။
ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်း ကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်း ရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရား ဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။
တပါးအမျိုးသားတို့တွင် နေသော ယုဒလူ အပေါင်း တို့သည် သူငယ်တို့အားအရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက်၊ သူတို့သည်မောရှေ တရားကိုစွန့်စေ ခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြ ပြီ။
သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။
ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့။ သစ္စာဂတိ ပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။
ထိုသူတို့ကို ယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်း ကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်း တို့သည် မိမိတို့ကြားသော သိတင်းစကား မမှန်သည်ကို၎င်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက်၍ ကျင့်နေသည်ကို၎င်း သိရကြ လိမ့်မည်။
ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို ၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။
ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ်၍ နက်ဖြန်နေ့၌ သူတို့နှင့် တကွစင်ကြယ်ခြင်းကိုပြုပြီးမှ ၊ ဗိမာန် တော်သို့ဝင်၍ သူတို့အတွက် အသီးအခြား ပူဇော်သက္ကာ ပြုရသောအချိန်တည်းဟူသော စင်ကြယ်ခြင်း ကိုပြုရ သော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ၏။
ထိုခုနစ်ရက်စေ့လူသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကိုတိုက်တွန်းနှိုးဆော်၍၊ ဣသရေလ လူတို့၊ ကူမကြပါ။
ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကို၎င်း ဤအရပ်ဌာနကို၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကို ဘမ်းဆီးကြ၏။
အထက်ကမြို့ထဲ၌ ပေါလုနှင့်အတူတရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြ သည်ဖြစ်၍၊ ထိုသူကိုပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ၏။
တမြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တခဏ ခြင်းတံခါးများတို့ကို ပိတ်ထားကြ၏။
ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့ တမြို့လုံး မငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတထောင်ကို အုပ်ချုပ်သော စစ်သူကြီး သည် သိတင်းကြားလျှင်၊
စစ်သူရဲများနှင့်တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့်စစ်သူရဲတို့ကိုမြင်လျှင်၊ ပေါလုကိုမရိုက်ဘဲနေကြ၏။
ထိုအခါစစ်သူကြီးသည်အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်းနှင့် ချည်ချေ ဟုစီရင်၍၊ ဤသူသည်အဘယ်သူနည်း။ အဘယ်အမှုကို ပြုမိသနည်းဟုမေးစစ်လေ၏။
လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ၏။
လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့၍ ဆောင်ရကြ၏။
သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက် လိုက်ကြ၏။
ပေါလုသည်ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည် လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးကသင်သည် ဟေလသစကားကိုပြောတတ်သလော။
သင်သည်အထက်ကပုန်ကန်၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး၏။
ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ်နေသော မြို့ကား၊ သာမည မြို့မဟုတ်။ ဤသူတို့အား အကျွန်ုပ် ပြောရသော အခွင့်ကိုပေးပါ။ အကျွန်ုပ် ပန်ကြားပါသည်ဟုဆို၏။
စစ်သူကြီးသည်အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာ ရပ်၍ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည်အလွန် တိတ်ဆိတ်စွာ နေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊
22
ညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊
ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ၍အလွန်တိတ်ဆိတ်စွာနေကြ၏။
ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာ လည်း၊ ဂေါမလျေလအမည် ရှိသော ဆရာ၏ ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည်ယနေ့တိုင်အောင် ဘုရားသခင်ဘက် ၌ စိတ်အားကြီးသည် နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊
ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။
ထိုကဲ့သို့ပင်ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည်လည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသိမှာစာကို ခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ၏။
လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။
အကျွန်ုပ်သည် မြေပေါ်မှလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင်၊
သခင်၊ ကိုယ်တော်သည်အဘယ်သူနည်းဟု အကျွန်ုပ်ပြန်၍ မေးလျှောက်သော်၊ ငါကား၊ သင်ညှင်းဆဲ သော နာဇရက်မြို့သားယေရှုဖြစ် သတည်းဟု မိန့်တော်မူ၏။
အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကို မြင်၍ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း၊ အကျွန်ုပ် အားပြောသောသူ၏ စကားသံကို မကြားမသိရကြ။
ထိုအခါအကျွန်ုပ်ကလည်း၊ သခင်၊ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက် လျှင်၊ သခင်ဘုရားက၊ ထလော့။ ဒမာသက်မြို့ သို့သွား လော့။ သင်ဆောင်ရွက်စရာတို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့၌ ပြောလိမ့်မည်ဟုမိန့်တော်မူ၏။
ထိုအလင်း၏ရောင်ခြည်အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိကန်းသောကြောင့်၊ အကျွန်ုပ်နှင့် ပါ သော သူတို့၏ လက်ဆွဲခြင်းခံရ၍ ဒမာသက်မြို့သို့ ရောက်ပါ၏။
ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်၍၊ ထိုမြို့မှ နေသောယုဒလူ အပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊
အကျွန်ုပ်ဆီသို့လာ၍ အနား၌ရပ်လျက်၊ ညီရှောလု၊ တဖန်မျက်စိမြင်ခြင်းသို့ ရောက်လော့ဟုဆို၏။ ထိုခဏ၌အကျွန်ုပ်သည် သူ့ကိုကြည့်ရှု၍မြင်ရ၏။
သူကလည်း၊ သင်သည်မြင်လေသမျှ၊ ကြားလေသမျှ တို့ကို လူအပေါင်းတို့အားပြော၍ သခင်ဘုရား၏ သက်သေခံဖြစ်ရမည် အကြောင်း၊
သင်သည်ဘုရားသခင်၏ အလိုတော်ကို သိစေခြင်းငှါ၎င်း၊ ဖြောင့်မတ်တော်မူသောသူကိုမြင်၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှါ၎င်း၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် သင့်ကို ခန့်ထားတော်မူ၏။
ယခုလည်းသင်သည်အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့။ သခင်ဘုရားကို ပဌနာပြုလျက် ဗတ္တိဇံကိုခံ၍၊ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏။
ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန်၍၊ ဗိမာန်တော်၌ ဆုတောင်းစဉ်ဘဝင်ကျ၍၊
သခင်ဘုရားက၊ သင်သည်ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်သွားလော့။ ငါ၏ အကြောင်းကို သင်သည်ပြော၍ သက်သေခံသော စကား ကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော် မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ၏။
အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ကို အကျွန်ုပ်ထောင်ထဲ၌ လှောင် ထား၍၊ တရားစရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။
ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား၌ နေလျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ၍၊ ကွပ်မျက်သော သူတို့၏ အဝတ်ကိုစောင့်နေပါ၏ဟု၊
လျှောက်ဆိုလျှင်၊ သခင်ဘုရားက၊ သွားလော့။ ငါသည်တပါး အမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ လွှတ်မည်ဟုအကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို၏။
ထိုမျှတိုင်အောင် ပေါလု၏ စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည်အော်ဟစ်၍၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက် မရှင်သင့်ဟု ဆိုကြ၏။
ထိုသို့အော်ဟစ်ခြင်း၊ ကိုယ်အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကို မိုဃ်းကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြ စဉ်တွင်၊
ပေါလုကိုအဘယ်ကြောင့် ထိုသို့အော်ဟစ်ကြ သည်ကိုစစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ။ ရိုက်၍ စစ်ကြောစေဟုစီရင်လေ၏။
သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု နား၌ရပ်နေသော တပ်မှူး အားဆို၏။
တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။
စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို၏။
စစ်သူကြီးကလည်း၊ အကျွန်ုပ်သည်ငွေအများကို ပေး၍ ရောမလူ၏ အရိပ်အရာကိုရသည်ဟုဆိုလျှင်၊ ပေါလုက၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟု ဆို၏။
ထိုအခါစစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ခြင်း သွား၍၊ သူသည်ရောမလူ ဖြစ်သည်ကို၎င်း၊ ရောမလူကိုချည်နှောင်မိသည်ကို၎င်း၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ၏။
နက်ဖြန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သောသံကြိုးကို ချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင်၊ ပေါလု ကိုခေါ်၍ သူတို့ရှေ့၌ထားလေ၏။
23
ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊
ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏နှုတ်ကို ရိုက်လော့ဟု အနား၌ ရပ်နေသောသူတို့အား အမိန့်ရှိ၏။
ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှါ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။
အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကိုဆဲသလောဟု မေးလျှင်၊
ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။
ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။
ထိုအခါ ဖာရိရှဲတို့နှင့် ဖဒ္ဒုကဲတို့သည် အချင်း ချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက် လေ၏။
ကွဲပြားသည်အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ နံဝိညာဉ် မရှိဟုယူကြ၏။ ဖာရိရှဲတို့က၊ နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ၏။
အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌ နေသော ကျမ်းဆရာတို့သည် ထလျက်ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နံဝိညာဉ်သော်၎င်း၊ ကောင်းကင်တမန်သော်၎င်း သူ့ကိုပြောလျှင်၊ ဘုရား သခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။
အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကိုအရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။
နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။
မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။
ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။
ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ ထံသို့သွား၍၊ အကျွန်ုပ်တို့သည် ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။
ထိုကြောင့်၊ နက်ဖြန့်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြောမည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။
ထိုသို့လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏ တူသည်ကြားလျှင်၊ ရဲတိုက်ထဲသို့ဝင်၍ ပေါလု အားကြားပြောလေ၏။
ပေါလုသည်တပ်မှူးတယောက်ကို ခေါ်၍၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစုံတခု ရှိသည်ဟုဆိုသော်၊
တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ်၍၊ ကိုယ်တော်အားလျှောက်စရာ တစုံတခုကရှိသော ဤလုလင်ကိုကိုယ်တော်ထံသို့ ပို့စေခြင်းငှါ တောင်းပန် ပါသည်ဟုလျှောက်၏။
စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင်၊ သင်သည်အဘယ် အကြောင်း ကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ၏။
လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန်နေ့၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ၊ ယုဒလူတို့ သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွတ် ကြပါပြီ။
သို့ရာတွင်သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ၏။
စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊
တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။
ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကိုပြင်၍ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။
စစ်သူကြီးသည် ရေး၍ပေးလိုက်သော စာဟူ မူကား၊
ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့်ကြားလျက်လိုက်ပါသည်။
ယုဒလူတို့သည် ဤသူကိုဘမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည်ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နှုတ်ပါ သည်။
ယုဒလူတို့သည် အဘယ်အပြစ်ကြောင့်သူနှင့် အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့်၊ သူ့ကို ယူ၍လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊
အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။
ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုရိပ်မိလျှင်၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ခြင်းစေလွှတ်၍ အမှုလုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ၏။ ကိုယ်တော် ကျန်းမာ ပါစေသောဟု ရေး၍ပေးလိုက်သတည်း။
စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကို ယူ၍၊ ညဉ့်အခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ၊
နက်ဖြန်နေ့၌မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။
မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏ စာကိုမြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။
မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး၍၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင်၊
သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။
24
ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။
ပေါလုကိုခေါ်ပြီးမှ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ၊ မြတ်တော်မူ သောဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့်၊ ကိုယ်တော် ကြည့်ရှု ပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါ သည်ဖြစ်၍၊
အရပ်ရပ်တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။
အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ရှက်ခြင်း အပြစ်နှင့်လွတ်ခြင်းငှါ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညှင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။
နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။
သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဘမ်းဆီး၍၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှါ အလိုရှိကြသည်တွင်၊
စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊
အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သောအကြောင်း အရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား၏။
ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။
မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ် သိ၍၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။
အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့ သို့ တက်သွား၍၊ ယခု တဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။
ဗိမာန်တော်၌ တစုံတယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားစရပ်တို့၌၎င်း၊ မြို့ထဲ၌၎င်း၊ လူများကို မငြိမ်မသက် စေခြင်းငှါ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။
ယခုတွင်အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင် ကြပါ။
သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ် သော ဘာသာအတိုင်းအကျွန်ုပ်သည် မိစဉ်ဘဆက် ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။
ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သော သူရှိ သမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူကို့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရား သခင်ကို အမှီပြု၍ မြော်လင့်ပါ၏။
ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင်ခွင့် နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။
နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည် တွင်၊
ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ် မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်ကလာသောယုဒလူ အချို့တို့သည် တွေ့ကြပါ၏။
ထိုသူတို့သည် အကျွန်ုပ်အပြစ်တင်စရာရှိလျှင်၊ အထံတော် သို့ကိုယ်တိုင်လာ၍အပြစ်တင်အပ်ပါ၏။
သို့မဟုတ်အကျွန်ုပ်သည် လွှတ်အရာရှိတို့ ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်း အကြောင်းနှင့်၊
အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော်သော စကားသံ တခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည် ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက်၏။
ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင် ဘဲ သူတို့ကို လွှတ်လိုက်၏။
ပေါလုကို အကျဉ်းမထားဘဲစောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေး ကြစေဟု တပ်မှူးကိုမှာထား၏။
ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒ အမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့် တကွလာပြီး လျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ် သော စကားကို နားထောင်လေ၏။
ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို၎င်း၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။
ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက်၊ မကြာမကြာပေါလုကို ခေါ်၍ သူနှင့်စကားပြောလေ၏။
နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း၏အရာကို ရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒ လူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ၏။
25
ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိ သောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။
ထိုအခါယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူ အကြီးအကဲတို့သည်၊
ပေါလုကို သတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။
ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည်။
သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။
ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။
ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှ လာသော ယုဒလူတို့သည်ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။
ပေါလုကလည်း၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကိုပြောလေ၏။
သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။
ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ် မှားပါ။
အကျွန်ုပ်ပြစ်မှား၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင်၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။
ထိုအခါဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည်ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။
ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ၏။
အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ၊ ဖေလဇ် မင်းသည်အကျဉ်းထားရစ်စေသော လူတယောက်ရှိ၏။
ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ် ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊
ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူ သည် အပြစ်တင်သော သူတို့နှင့်မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမှီ၊ အဘယ် သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမ ထုံးစံ ရှိကြောင်းကို ပြောဆို၏။
ထိုသူတို့သည်ဤမြို့သို့ ရောက်လာသောအခါ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲနက်ဖြန်နေ့၌ တရားပလ္လင် ပေါ်မှာ ထိုင်၍ ထိုသူကိုခေါ်စေ၏။
သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစုံတခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်၎င်း၊ ယေရှုအမည်ရှိသော၊
သေပြီးသော သူတယောက်နှင့်၎င်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။
ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသော ကြောင့်၊ ပေါလုအားလည်း၊ သင်သည်ယေရုရှလင်မြို့သို့ သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊
ပေါလုသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော် သို့မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ် စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။
အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နတ်ဖြန်နေ့၌ သူ၏စကားကိုနားထောင်ပါလော့ဟု ဆို၏။
နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့်ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလု ကိုဆောင်ခဲ့စေ၏။
ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌၎င်း၊ ဤမြို့၌၎င်း ယုဒလူများအပေါင်း တို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အား လျှောက်၍၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။
သူသည်သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍၎င်း၊ သူသည်ဘုန်းကြီတော်မူသော ဘုရင်၏ အယူတော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှါ ကျွန်ုပ်စီရင်၏။
သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့၌၎င်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌၎င်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။
အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ် မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည် ထင်ပါသည် ဟုဆို၏။
26
ထိုအခါအဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဘို့ အလိုငှါ ပြောရသော အခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။
အဂြိပ္ပမင်းကြီး၊
ယုဒလူတို့သည် အကျွန်ုပ်ကိုအမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌အပြစ်ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကိုလေ့ကျက်တော်မူ ကြောင်းကို၎င်း အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိ သည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့်သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည် အကြောင်း အသနားတော်ခံပါ၏။
ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏ အထဲ၌ အကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်အရွယ်မှ စ၍၊ အကျွန်ုပ်၏အနေ အတိုင်းအပြုအမူများကို ယုဒလူ အပေါင်းတို့သည်သိကြပါ၏။
အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေးဦးစွာကပင် သိကြပါ၏။
ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍ မြော်လင့်ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။
ယုဒလူတဆယ်နှစ်မျိုးတို့သည် နေ့ညဉ့်မပြတ် ကြိုးစား၍ ဘုရားဝတ်ပြုသဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့ သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။
သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။
နာဇရက်မြို့သား ယေရှု၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊
ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူ အများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။
ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှါ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားစရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တကျွန်းတနိုင်ငံတိုင်အောင်သူတို့ကို ညှဉ်းဆဲနိုပ်စက်ပါ၏။
ထိုသို့ပြု၍ ယဇ်ပုရောဟိတ်အကြီးတို့ပေးသော အခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ် တွင်၊
နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည်၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့်ချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည်။ အရှင်မင်းကြီး။
အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာ လဲ၍ နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း။ ဒုတ်ချွန်ကို ခြေနှင့်ကျော်လျှင် ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသော စကားသံကို အကျွန်ုပ်ကြားလျှင်၊
သခင်ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ် မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။
သို့သော်လည်း၊ ထ၍မတ်တတ်နေလော့။
ငါသည်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့ လက်မှ သင့်ကိုကယ်လွှတ်၍၊
သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော် မူ၏။
အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။
လူတို့သည် နောင်တရရမည်။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသောသူတို့အား၎င်း၊ တပါးအမျိုးသား၊ တို့အား၎င်း၊ ဟောပြောပါ၏။
ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဘမ်းဆီး၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ၏။
သို့ရာတွင်ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊
ယခုတိုင်အောင်ရှိနေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေခြင်းမှ အဦးဆုံး ထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍၎င်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။
ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို၏။
ပေါလုကလည်း၊ မြတ်တော်မူသောဖေတ္တမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သော စကားကို ပြောပါ၏။
ဤအရာများကိုအဂြိပ္ပမင်းကြီး သိတော်မူ၏။ ထိုမင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤအမူအရာ တစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင်ပါ၏။ အကြောင်းမူကား၊ ဤအမှုသည် ဆိတ်ကွယ်ရာအရပ်၌ ပြုသောအမှု မဟုတ်ပါ။
အိုအဂြိပ္ပမင်းကြီး၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်၏။
အဂြိပ္ပမင်းကလည်း၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့်၊ ငါသည်ခရစ်ယာန်ဖြစ်လှပြီဟု ပေါလုအား ပြောဆိုလျှင်၊
ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည် သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။
ထိုအခါမင်းကြီးနှင့်ဗေရနိတ်သည် ထ၍ မြို့ဝန် မင်းမှစသော အပေါင်းအဘော်များတို့နှင့်တကွ၊
အခြားသို့သွားပြီလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်းခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ၏။
အဂြိပ္ပ မင်းကလည်း၊ ဤသူသည်ကဲသော ဘုရင် ၏ အယူတော်ကို ခံပါမည်ဟု မဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို၏။
27
ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။
အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ၏။
နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏ လုပ်ကျွေးပြုစခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။
ထိုမြို့မှထွက်၍ လေမသင့်သောကြောင့်၊ ကုပရုကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိပြည်၊
ပဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိုပြည်၊ မုရမြို့သို့ ရောက်ကြ၏။
ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။
နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်မြို့ အနားသို့ ပင်ပန်းစွာ ရှောက် သွား၍၊
လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။
ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည် ကို ပေါလုသည် ထောက်၍၊
အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘော နှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။
သို့သော်လည်း၊ တပ်မှူးသည်ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင်၏။
ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့် သောကြောင့် တဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မှီနိုင် လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော်သာ၍ ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ် ဆိပ်ကားကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့ ၎င်း၊ အနောက်တောင်သို့၎င်း မျက်နှာပြု၏။
ထောင်လေသည်ဖြည်းညှင်းစွာလာသောအခါ၊ ယခုမှီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေ ကျွန်းနားသို့ ရှောက်သွားကြ၏။
ကာလမကြာမမြင့်မှီ ဥရုကလုဒုန် အမည်ရှိ သော လေပြင်း မုန်တိုင်းသည်သင်္ဘောကို တိုက်၍၊
တဟုန်တည်းဆောင်သွားသဖြင့်၊ သင်္ဘေားသည် ထိုလေကိုမခံ နိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။
ကလောဒကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္မန်ကို မပျက်စေခြင်းငှါ ပင်ပန်းစွာ ကြိုးစား၍၊
သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။
လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။
သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့်ကိုယ်ယူ၍ ပစ်လိုက်ကြ၏။
နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ၍ မိုဃ်းသက်မုန်တိုင်း အားကြီးသေးသဖြင့်၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်စရာ အခွင့်အလျှင်းမရှိ။
အစာကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါစကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။
ယခုတွင် စိတ်သက်သာခြင်း ရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတပါးသင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊
အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော် မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင် တမန်သည် ယနေ့ညဉ့်တွင် ငါ့အနားမှာ ပေါ်လာလျက်၊
ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင် ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော် မူပြီဟု ဆို၏။
ထိုကြောင့်အချင်းလူတို့ သက်သေခြင်း ရှိကြ လော့။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။
သို့သော်လည်းတစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟုပေါလုဆို၏။
တဆယ်လေးရက်မြောက်သောနေ့ ညဉ့်ရောက် သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစုံတခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘော သားတို့သည် ထင်မှတ်သဖြင့်၊
ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှစိုးစည်းလွန်ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။
ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကို ချ၍မိုဃ်းလင်းပါ စေဟု ဆုတောင်းကြ၏။
သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည် ဟု အကြံရှိသည်နှင့်သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္မန်ကိုလျှော့စဉ်တွင်၊
ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ၍ စစ်သူရဲတို့အား ဆို၏။
ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ် ၍ ချလိုက်ကြ၏။
မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။
ထိုကြောင့်အစာစားကြလော့။ စားလျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ်လိမ့်မည်။
သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်ကိုဖဲ့၍ စားလေ၏။
ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာ ခြင်းရှိ၍ အစာကို စားကြ၏။
ထိုသင်္ဘော၌ပါသော သူများတို့သည် အရေ အတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။
ဝစွာစားပြီးမှ ဆန်စပါးကိုပင်လယ်ထဲသို့ ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။
မိုဃ်းလင်းသောအခါ ထိုအရပ်ကို မသိသော် လည်း၊ ထောင်ကွေ့တခု၌သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့ သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။
ကျောက်ဆူးတို့ကို လွှတ်၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည်၍၊ ရွက်ကိုလေ၌ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။
ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။
ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။
တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှါ အလို ရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကိုမြစ်တား၍၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း၍ ကုန်းသို့ သွားစေခြင်းငှါ၎င်း၊
ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘော တန်ဆာများကို စီးစေခြင်းငှါ၎င်း၊ စီရင်လေ၏။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့်လွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။
28
ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။
မိုဃ်းရွာ၍ ချမ်းသောကြောင့်လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။
ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည်မီးငွေ့ထဲကထွက်၍ ပေါလု၏ လက်ကို တွယ်လျက်နေ၏။
ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူ အသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။
ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။
သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ၏။
ထိုအရပ်နှင့်မနီးမဝေးပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။
ပုဗလိမင်း၏အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်း ပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကို ငြိမ်းစေ၏။
ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။
ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကို လည်း သင်္ဘောပေါ်သို့ တင်ကြ၏။
သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တု ပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊
သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။
ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသော ကြောင့်၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ၏။
ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။
ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်းလာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။
ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။
သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။
ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ၏။
ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။
ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊
ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ် ရှိကြောင်းကို မကြားမပြောပါ။
သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊
နေ့ရက်ကိုချိန်းချက်၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင် သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ၏။
အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။
ထိုသို့အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊
သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။
အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နား မကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။
ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက် သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊
ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။
ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသော အိမ်၌နေသဖြင့်၊ မိမိထံသို့လာသော သူအပေါင်း တို့ကို ဧည့်ခံ၍၊
အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုအတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။
- Holder of rights
- Multilingual Bible Corpus
- Citation Suggestion for this Object
- TextGrid Repository (2025). Myanmar Collection. Acts (Myanmar). Acts (Myanmar). Multilingual Parallel Bible Corpus. Multilingual Bible Corpus. https://hdl.handle.net/21.11113/0000-0016-AB75-4