Ruth (Myanmar)
1
1:1b.RUT.001.001 တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။
1:2b.RUT.001.002 ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။
1:3b.RUT.001.003 နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။
1:4b.RUT.001.004 သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ၊
1:5b.RUT.001.005 ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
1:6b.RUT.001.006 တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊
1:7b.RUT.001.007 တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ၏။
1:8b.RUT.001.008 သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့။ သေလွန်သောသူ၌ ၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။
1:9b.RUT.001.009 သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ငိုကြွေး လျက်၊
1:10b.RUT.001.010 အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။
1:11b.RUT.001.011 နောမိကလည်း၊ငါ့သမီးတို့ပြန်သွားကြလော့။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင် လျှာဘို့ငါ၏ဝမ်း၌ သားရှိသေး သလော။
1:12b.RUT.001.012 ငါ့သမီးတို့ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍လင်နှင့်မနေသင့်။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင်၎င်း၊ ယနေ့ညမှာလင်နေလျှင်၎င်း၊ သားတို့ကိုလည်းဘွားမြင်လျှင်၎င်း၊
1:13b.RUT.001.013 ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော။ ငါ့သမီးတို့ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော်၊
1:14b.RUT.001.014 သူတို့သည်တဖန်အသံကိုလွှင့်၍ငိုကြွေးကြ၏။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း၍မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌မှီဝဲဆည်းကပ်လျက်နေသေး၏။
1:15b.RUT.001.015 နောမိကလည်း၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊
1:16b.RUT.001.016 ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။
1:17b.RUT.001.017 ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို၏။
1:18b.RUT.001.018 ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ၏။
1:19b.RUT.001.019 ထိုသူနှစ်ယောက်တို့သည်ခရီးသွား၍ဗက်လင်မြို့သို့ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ၏။
1:20b.RUT.001.020 သူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ။
1:21b.RUT.001.021 ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ၍အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။
1:22b.RUT.001.022 ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ၍၊ မုယော စပါးကိုရိတ်စကာလ၌ဗက်လင်မြို့သို့ရောက်ကြ၏။
2
2:1b.RUT.002.001 နောမိ၏လင်ဧလိမလက်၏ အဆွေအမျိုးတွင်အလွန်ရတတ်သောပေါက်ဘော်တယောက်ရှိ၏။ သူ၏အမည်ကား ဗောဇတည်း။
2:2b.RUT.002.002 မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာစပါးကျန်ကို ကောက်ပါရစေဟု နောမိ၌အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟုဆို၏။
2:3b.RUT.002.003 ရုသသည်သွား၍စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏ အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့ နေရာကျ၏။
2:4b.RUT.002.004 ထိုအခါဗောဇသည် ဗက်လင်မြို့က လာ၍၊ ထာဝရဘုရားသည်သင်တို့နှင့်အတူရှိတော်မူပါစေသောဟု ရိတ်သောသူတို့အားဆိုလျှင်၊ သူတို့က၊ ကိုယ်တော်ကိုထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသောဟု ပြန်ပြောကြ၏။
2:5b.RUT.002.005 ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့်ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊
2:6b.RUT.002.006 လယ်ခေါင်းက၊ မောဘပြည်မှနောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီးဖြစ်ပါ၏။
2:7b.RUT.002.007 သူကလည်း၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏတဲ၌နေသောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆိုလျှင်၊
2:8b.RUT.002.008 ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသောလယ်သို့သွား၍စပါးကျန်ကို မကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။
2:9b.RUT.002.009 သူတို့ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည်သင့်ကို မနှောင့်ရှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍လုလင်ခပ်သောရေကို သောက်တော့ဟုဆိုလေသော်၊
2:10b.RUT.002.010 ရုသသည်မြေပေါ်မှာဦးချပြပ်ဝပ်လျက်၊ ကျွန်မသည်တပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့စိတ်တော်နှင့်တွေ့ရပါသနည်းဟုလျှောက်လေ၏။
2:11b.RUT.002.011 ဗောဇကလည်း၊ သင်၏လင်သေသွားနောက်၊ သင်သည်ယောက္ခမအားပြုစုသမျှကို၎င်း၊ သင်သည်မိဘနှင့်မွေးဘွားရာဌာနပြည်ကိုစွန့်၍အထက်က မသိဘူးသောပြည်သို့လာကြောင်းကို၎င်း၊ ငါ့အားသေချာစွာပြောကြပြီ။
2:12b.RUT.002.012 သင့်အမှု၏အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော။ သင်သည်အတောင်တော်အောက်၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
2:13b.RUT.002.013 ရုသကလည်း သခင်ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည်ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော၍ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။
2:14b.RUT.002.014 ဗောဇကလည်း၊ စားသောက်သောအချိန်ရှိပြီ။ လာ၍မုန့်ကို စားလော့။ ပုံးရည်၌ စားစရာကို နျစ်လော့ ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သော သူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှချန်ထားသေး၏။
2:15b.RUT.002.015 စပါးကျန်ကို ကောက်ခြင်းငှါထသွားသောအခါ၊ ဗောဇသည်လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်း စုထဲမှာကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက်မခွဲကြနှင့်။
2:16b.RUT.002.016 ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဘို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။
2:17b.RUT.002.017 ရုသသည်ထိုလယ်၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တဧဖာခန့်မျှရှိ၏။
2:18b.RUT.002.018 ထိုဆန်ကိုယူ၍မြို့ထဲသို့ ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသော အရာကိုလည်း ထုတ်၍ ပေးသေး၏။
2:19b.RUT.002.019 ယောက္ခမကလည်း၊ ယနေ့အဘယ်မှာလုပ်သနည်း။ သင်သိမှတ် သောသူသည်မင်္ဂလာရှိပါစေသော ဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟုယောက္ခမအား ကြားပြောသော်။
2:20b.RUT.002.020 ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသော သူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူသည်ငါတို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ၍၎င်း၊ ချွေးမအားပြောဆို၏။
2:21b.RUT.002.021 ထိုသူက၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမှီတိုင်အောင်၊ ငါ့လူတို့၌မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော်၊
2:22b.RUT.002.022 နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့်ပေါင်းဘော်ကောင်း၏။ အခြားသောလယ်၌သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊
2:23b.RUT.002.023 သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင်ဗောဇ၏ ကျွန်မတို၌ မှီဝဲလျက်၊ စပါးကျင်ကိုကောက်၍ ယောက္ခမထံမှာနေလေ၏။
3
3:1b.RUT.003.001 တဖန်ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော။
3:2b.RUT.003.002 သင်ပေါင်းဘော်သော ကျွန်မတို့၏သခင်ဗောဇသည် ငါတို့ပေါက်ဘော်ဖြစ်သည်မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကိုလှေ့လျက်နေ၏။
3:3b.RUT.003.003 သင်သည်ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည်စားသောက်ခြင်း အမှုကိုမပြီးမှီကိုယ်ကို မပြနှင့်။
3:4b.RUT.003.004 သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊
3:5b.RUT.003.005 ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊
3:6b.RUT.003.006 ကောက်နယ်တလင်းသို့သွား၍ ယောက္ခမမှာထားသမျှ အတိုင်းပြုလေ၏။
3:7b.RUT.003.007 ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ်၍သူ့ခြေ၌ဖုံးသောအဝတ်ကိုဖွင့်ပြီးလျှင် အိပ်လေ၏။
3:8b.RUT.003.008 သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည်ခြေရင်း၌ရှိသည်ကိုသိလျက်၊
3:9b.RUT.003.009 သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည်ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့်၊ ကိုယ်တော်၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော်၊
3:10b.RUT.003.010 သူက၊ ငါ့သမီး၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော။ သင်သည်ငွေရ တတ်သောလူပျို၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ၍ကြီး၏။
3:11b.RUT.003.011 မစိုးရိမ်နှင့်ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ၏။
3:12b.RUT.003.012 ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ၏။ သို့သော်လည်းငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး၏။
3:13b.RUT.003.013 ယနေ့ညမှာနေဦးတော့၊ ထိုသူသည်ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင်ပြုပါလေစေ။ ကောင်း၏။ မပြုလျှင်ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။
3:14b.RUT.003.014 ရုသသည်နံနက်တိုင်အောင်သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တယောက်ကို တယောက် သိနိုင်သော အချိန်မရောက်မှီထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ် တလင်းသို့လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟုဆို၏။
3:15b.RUT.003.015 တဖန်သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ဖြန့်ခင်းတော့ဟုဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကိုခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည်မြို့ထဲသို့ သွားလေ၏။
3:16b.RUT.003.016 ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမကအဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကို၎င်း၊
3:17b.RUT.003.017 သူက၊ သင်သည်ယောက္ခမထံသို့လက်ချည်းမသွားနှင့်ဟုဆိုလျက် မုယောစပါးခြောက်ဩမဲပေးကြောင်း ကို၎င်း ကြားပြောလေ၏။
3:18b.RUT.003.018 ယောက္ခမာလည်း၊ ငါ့သမီး၊ ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကိုမသိမှီတိုင်အောင် ထိုင်နေလော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမှီငြိမ်ဝင်စွာမနေဟုပြောဆို၏။
4
4:1b.RUT.004.001 ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
4:2b.RUT.004.002 တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ၏။
4:3b.RUT.004.003 အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ်၍၊
4:4b.RUT.004.004 သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှ တပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
4:5b.RUT.004.005 ဗောဇကလည်း၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော်၊
4:6b.RUT.004.006 အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
4:7b.RUT.004.007 ဣသရေလရှေးထုံးစံ ဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
4:8b.RUT.004.008 သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
4:9b.RUT.004.009 ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊
4:10b.RUT.004.010 သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
4:11b.RUT.004.011 တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။
4:12b.RUT.004.012 အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။
4:13b.RUT.004.013 ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။
4:14b.RUT.004.014 မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
4:15b.RUT.004.015 သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
4:16b.RUT.004.016 နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
4:17b.RUT.004.017 အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ၏။ ဩဗက် သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
4:18b.RUT.004.018 ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
4:19b.RUT.004.019 ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
4:20b.RUT.004.020 အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
4:21b.RUT.004.021 စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
4:22b.RUT.004.022 ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။
- Holder of rights
- Multilingual Bible Corpus
- Citation Suggestion for this Object
- TextGrid Repository (2025). Myanmar Collection. Ruth (Myanmar). Ruth (Myanmar). Multilingual Parallel Bible Corpus. Multilingual Bible Corpus. https://hdl.handle.net/21.11113/0000-0016-AA6E-E